နယူးယော့ခ် မြေအောက်ရထားဘူတာရုံအတွင်း (၂၃)ဦး ဒဏ်ရာရသွားသည့် ပစ်ခတ်မှုလုပ်ဆောင်သူ အသက်(၆၀)ကျော် အမျိုးသားအား ဖမ်းဆီးရမိ

ပစ်ခတ်မှုကျူးလွန်သူအဖြစ် အသက် (၆၂) နှစ်အရွယ် ဖရန့်ဂျိမ်းစ် ကို ဖမ်းဆီးလာစဉ် Photo: New York Times, Reuters
ပစ်ခတ်မှုကျူးလွန်သူအဖြစ် အသက် (၆၂) နှစ်အရွယ် ဖရန့်ဂျိမ်းစ် ကို ဖမ်းဆီးလာစဉ် Photo: New York Times, Reuters
နယူးယော့ခ် မြေအောက်ရထားဘူတာရုံအတွင်း (၂၃)ဦး ဒဏ်ရာရသွားသည့် ပစ်ခတ်မှုလုပ်ဆောင်သူ အသက်(၆၀)ကျော် အမျိုးသားအား ဖမ်းဆီးရမိ
By Mr John

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ မြေအောက်ရထားဘူတာရုံတွင် လူ (၁၀) ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သံသယရှိသူအား ရဲတပ်ဖွဲ့ကဖမ်းဆီးရမိပြီဟု သိရသည်။ ပစ်ခတ်မှုကျူးလွန်သူအဖြစ် အသက် (၆၂) နှစ်အရွယ် ဖရန့်ဂျိမ်းစ်ဆိုသူကို ဧပြီ (၁၃)ရက်နေ့တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီးနောက် အင်အား အများအပြားဖြင့် လိုက်လံရှာဖွေခဲ့ကြသည်။ 

ဧပြီ (၁၃) ရက်နေ့  နံနက်ပိုင်းတွင်  ဖရန့်ဂျိမ်းစ်သည် ပစ်ခတ်မှုအတွက် တစ်ဦးတည်းသော သံသယရှိသူဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောသည်။

ဧပြီလ(၁၂)ရက်နေ့ နံနက်ပိုင်းက ဘရွတ်ကလင်းအရပ်ရှိ ၃၆ လမ်း မြေအောက်ရထားဘူတာရုံတွင် လူအသွားအလာများပြားနေစဥ် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း လူ (၂၃) ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက်မှ (၁၀) ဦးမှာ သေနတ်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သံသယရှိသူက မီးခိုးဗုံးနှစ်လုံးကို ဖောက်ခွဲခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

"နယူးယော့ခ် မြို့သူမြို့သားများခင်ဗျာ ကျွန်တော်တို့ သူ့ကို ဖမ်းဆီးရမိပါပြီ" ဟု မြို့တော်ဝန် အဲရစ်အဒမ်စ်က ဧပြီ (၁၃) ရက် မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲအတွင်း ဗီဒီယိုမှတစ်ဆင့် ပြောခဲ့သည်။ 

နယူးယော့ခ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ Keechant Sewell ၏ ပြောကြားမှုအရ ဖရန့်ဂျိမ်းစ်ကို ပြည်သူလူထုထံမှ သတင်းပေးမှု ရရှိပြီးနောက် အပြန်အလှန် တိုက်ခိုက်မှုမရှိဘဲ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 "သူ ပြေးစရာ နေရာမရှိတော့ဘူး" ဟု ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။

ဖရန့်ဂျိမ်းစ်က U-Haul ကုမ္ပဏီမှ ဗင်ကားတစ်စီးကို ငှားရမ်းအသုံးပြုခဲ့ပြီး ကားသော့ကို ပစ်ခတ်မှုဖြစ်ပွားသည့် ဘူတာရုံတွင် ရှာဖွေတွေ့ရှိခဲ့သည်။ 

၎င်းကို အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို တိုက်ခိုက်မှုအပါအဝင် စွဲချက်များဖြင့် တရားစွဲဆိုသွားမည် ဖြစ်သည်။ ဖရန့်ဂျိမ်းစ်သည် ယခင်က နယူးယော့ခ်တွင် ကိုးကြိမ်နှင့် နယူးဂျာစီတွင် သုံးကြိမ် အဖမ်းခံခဲ့ရသည့် ရဲမှတ်တမ်းရှိသူလည်း ဖြစ်သည်။ 

၎င်းကို ရှာဖွေရာမှာ မြေအောက်ရထားဘူတာရုံတွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာများ ပျက်နေခဲ့တာကြောင့် ရှုပ်ထွေးမှုဖြစ်ခဲ့ရသည်ဟု ဆိုသည်။

Source: BBC, Reuters

Photo: New York Times, Reuters