ယူကရိန်းတွင် ပထမဆုံး စစ်ရာဇဝတ်မှု စစ်ဆေး ကြားနာခြင်းအဖြစ် ရုရှား တင့်ကားအရာရှိကို တရားခွင် စတင်

ယူကရိန်းတွင် ပထမဆုံး စစ်ရာဇဝတ်မှု စစ်ဆေး ကြားနာခြင်းအဖြစ် ရုရှား တင့်ကားအရာရှိကို တရားခွင် စတင်
By Mr John

ရုရှား၏ ကျူးကျော်မှု စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းက ပထမဆုံး စစ်ရာဇဝတ်မှု စစ်ဆေးကြားနာမှုအဖြစ် အသက် (၂၁) နှစ်အရွယ် စစ်သားတစ်ဦးကို လက်နက်မဲ့ အရပ်သားတစ်ဦးအား သတ်ဖြတ်မှုဖြင့် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

Vadim Shishimarin အမည်ရှိ ရုရှားစစ်သားကို ကိဗ်မြို့တော်တွင် ပြုလုပ်ခဲ့သည့် ပဏမာ စစ်ဆေးကြားနာသည့် တရားခွင်တွင် တွေ့ခဲ့သည်။ 

၎င်းသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက် ကျခံရမည်ဟု ဆိုထားပြီး ရုရှားက ကျူးလွန်ခဲ့သော ဖြစ်နိုင်ခြေရှိသည့် စစ်ရာဇဝတ်မှုပေါင်း ထောင်နှင့်ချီ ဖော်ထုတ်သိရှိထားကြောင်း ယူကရိန်းက ပြောသည်။ 

ရုရှားဘက်ကတော့ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိကြောင်း ငြင်းဆိုထားခဲ့ပြီး ယခု တရားရုံး စစ်ဆေးကြားနာမှုအပေါ် မှတ်ချက်ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။ 

Shishimarin က အခြား စစ်သားများနှင့်အတူ ယူကရိန်းအရှေ့မြောက်ပိုင်း Sumy ဒေသတွင် ခိုးယူလာသည့်ကားတစ်စီးကို မောင်းနှင်လာခဲ့စဥ် ဖုန်းအသုံးပြုနေသော အသက် (၆၂) နှစ်အရွယ် စက်ဘီးစီးလာသူတစ်ဦးနှင် တွေ့ခဲ့သည်ဟု အစိုးရရှေ့နေတွေက ပြောသည်။

ရုရှားစစ်သား Shishimarin က ၎င်းတို့၏ တည်နေရာကို ယူကရိန်း ခုခံကာကွယ်သူများထံ ဆက်သွယ်ပြောကြားခြင်းမရှိရန် ထိုအရပ်သားကို ပစ်ခတ်ရန် အမိန့်ပေးခဲ့ကြောင်း ရှေ့နေတွေက ဆိုသည်။ 

တင့်ကားအရာရှိ Shishimarin ကို မည်သို့ ဖမ်းမိခဲ့ကြောင်း သို့မဟုတ် ၎င်းနှင့်ပတ်သက်သည့် သက်သေကို အတိအကျ မသိရသေးကြောင်း BBC သတင်းက ဖော်ပြသည်။

တရားခွင် စစ်ဆေးကြားနာမှုအတွင်း Shishimarin က ၎င်း၏ အမည်ကဲ့သို့ အခြေခံ အသေးစိတ်တွေကို အတည်ပြု ထွက်ဆိုခဲ့သည်။ 

ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ပြန်ထွက်ခွာသွားသည့် ယူကရိန်းနယ်မြေများတွင် ရာနှင့်ချီသည့် အလောင်းများကို ရှာဖွေတွေ့ရှိထားကြသည်။ ဗြိတိန်နှင့် အမေရိကန်ကဲ့သို့ ယူကရိန်း၏ မဟာမိတ်နိုင်ငံတွေက ရုရှားက လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ဆောင်ခဲ့ကြောင်း ယူကရိန်းနှင့်အတူ စွပ်စွဲပြောဆိုထားသည်။

မေလ (၁၃) ရက်နေ့က ရုရှားစစ်သား Shishimarin ကို တရားရုံးတွင် ပဏမ စစ်ဆေးကြားနာခဲ့ပြီးနောက် အစိုးရရှေ့နေ Andriy Synyuk က "ဒီနေ့က ပထမဆုံးအမှုပါ။ ဒါပေမဲ့ မကြာခင် ဒီလိုအမှုတွေ အများကြီးရှိလာပါလိမ့်မယ်" ဟု Reuters သတင်းဌာနကို ပြောခဲ့သည်။ 

Shishimarin ကို မေလ (၁၈) ရက်နေ့တွင် နောက်တစ်ကြိမ် ရုံးထုတ် စစ်ဆေးကြားနာမည်ဟု သိရသည်။

#TachileikNewsAgency

Source: BBC, Reuters