ရခိုင်ပြည်နယ်အတွင်း မြေပုံမြို့နယ်၊ ဝက်ခေါင်းကျေးအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော်(AA)တို့ ယနေ့၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့ နေလယ်ပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။
မြေပုံမြို့နှင့် (၅)မိုင်ဝန်းကျင်ကွာဝေးသည့် မြေပုံ - မင်းပြားကားလမ်းမပေါ်မှ ဝက်ခေါင်းကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် နှစ်ဖက်ညှိနှိုင်းသည်ဟုလည်း သတင်းရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါကျေးရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်များ ဧပြီလ (၁၀)ရက်နေ့ကတည်းက တပ်စွဲနေခြင်းဖြစ်ပြီး AA ဖက်က ဝင်ရောက်လာသဖြင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပြီးနောက် ညှိနှိုင်းကာ တိုက်ပွဲရပ်သွားသည်ဆိုသော်လည်း နှစ်ဖက်တပ်များ အဆိုပါ နေရာများတွင် နေရာယူထားကြဆဲဖြစ်၍ ဒေသခံများစိုးရိမ်လျှက်ရှိသည်ဟု သိရသည်။