အစ္စရေးနိုင်ငံ၏ စီးပွားရေးမြို့တော် တဲလ်အဗစ်မြို့ရှိ ဘားဆိုင်တစ်ဆိုင်တွင် အစ္စရေးလူမျိုး (၃)းဦးကို ပစ်သတ်ခဲ့သည့် သံသယရှိသူ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက ဧပြီ (၈) ရက်နေ့တွင် အသေပစ်သတ်ခဲ့ကြောင်း သိရသည်။
တဲလ်အဗစ်တွင် ဖြစ်ပွားခဲ့သည့် ယခုဖြစ်ရပ်က ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား တင်းမာမှုများ အသစ်တဖန် ပြန်မြင့်တက်လာစဥ် ဆက်တိုက် ဖြစ်ပွားနေခဲ့သော တိုက်ခိုက်မှုများအနက် နောက်ဆုံးတစ်ခုလည်း ဖြစ်လာခဲ့သည်။
တိုက်ခိုက်သူက ဧပြီ (၇) ရက် ညပိုင်းတွင် တဲလ်အဗစ်မြို့၏ လူစည်ကားသည့် အဓိက လမ်းမကြီးတစ်ခုပေါ်ရှိ ဘားဆိုင်တစ်ဆိုင်ထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှုအတွင်း လူနှစ်ဦး သေဆုံးခဲ့ပြီး အခြား လူအများအပြား ဒဏ်ရာရခဲ့သည်။ ဘားဆိုင်တွင် ပစ်ခတ်သူက ထိုနေရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတစ်ဦး ဧပြီ (၈) ရက်တွင် သေဆုံးသွားခဲ့ရာ စုစုပေါင်း သေဆုံးသူ သုံးဦးရှိလာခဲ့သည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ရာနဲ့ချီသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးမောင်းထိုးပေးသော ရဟတ်ယာဥ်တစ်စီး အကူအညီဖြင့် သေနတ်သမားကို တစ်လမ်းဝင်တစ်လမ်းထွက် ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့များက နာရီနှင့်ချီကြာ လိုက်လံရှာဖွေနေကြစဥ် ဒေသခံတွေကို နေအိမ်များအတွင်း နေကြရန် ပြောကြားထားခဲ့သည်ဟု ဆိုသည်။
နောက်ဆုံးတွင် တဲလ်အဗစ်မြို့တောင်ဘက် ဂျက်ဖာမြို့ရှိ ဗလီတစ်ခုအနီး ပုန်းအောင်းနေသည့် သံသယရှိသူ သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးလုံခြုံရေးအေဂျင်စီ Shin Bet က ပြောသည်။
ထို့နောက် သေနတ်သမားနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သမား သေဆုံးသွားကြောင်း အေဂျင်စီက ထုတ်ပြန်သည်။ သေနတ်သမားမှာ ပါလက်စတိုင်းမြို့ Jenin တွင် နေထိုင်သူ အသက် ၂၈ နှစ်အရွယ် ပါလက်စတိုင်းလူမျိုးဖြစ်ကြောင်း ပြောခဲ့သည်။ တိုက်ခိုက်မှုလုပ်သည့် အကြောင်းရင်းကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးဟု ဆိုသည်။
ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် Naftali Bennett က နိုင်ငံတဝန်း အစ္စရေးတပ်ဖွဲ့များကို တပ်လှန့်ထားပြီး အကြမ်းဖက်မှုကို အမြစ်ဖြတ်ချေမှုန်းရန် တိုက်ခိုက်ရာတွင် ကန့်သတ်ချက်မရှိကြောင်း ပြောသည်။
ထိုအတောအတွင်း ပါလက်စတိုင်းသမ္မတ Mahmoud Abbas က တဲလ်အဗစ်တိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။ သို့သော် ဂျေရုဆလင်ရှိ Aqsa ဗလီထဲသို့ ကျူးကျော်ဝင်ရောက်ခြင်း၏ အန္တရာယ်များနှင့် အစွန်းရောက် အခြေချနေထိုင်သူအုပ်စုများ၏ ရန်စသောလုပ်ရပ်များကိုလည်း ၎င်းက သတိပေးခဲ့ကြောင်း ပါလက်စတိုင်းသတင်းဌာန WAFA က ပြောသည်။
ပါလက်စတိုင်းတို့က လွတ်လပ်သည့်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်လိုသည့် နယ်မြေများအတွင်း အစ္စရေးဘက်က အခြေချနေထိုင်မှုများ တိုးချဲ့လာချိန်တွင် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရပ်တန့်နေခဲ့သည်။
Source: BBC, Reuters