အင်းစိန်ထောင်တွင်း အခြေအနေကို တစွန်းတစ မြင်ခွင့်ရစေသည့် ခိုးထုတ်ခဲ့သော ပန်းချီ ပုံကြမ်းများ

အင်းစိန်ထောင်တွင်း အခြေအနေကို တစွန်းတစ မြင်ခွင့်ရစေသည့် ခိုးထုတ်ခဲ့သော ပန်းချီ ပုံကြမ်းများ
By Mr John

ရန်ကုန် အင်းစိန်ထောင်ထဲကနေ ခိုးထုတ်ခဲ့တဲ့ ပန်းချီပုံကြမ်း (၁၄) ခုက မြန်မာနိုင်ငံ၏ နာမည်ဆိုးဖြင့် အကျော်ကြားဆုံး ထောင်တွင်းအခြေအနေကို ရှားရှားပါးပါး တစွန်းတစ မြင်ခွင့်ရစေခဲ့သည်။ ပုံကြမ်းများအနက်မှ တစ်ခုတွင် အခန်းတစ်ခန်းတည်းမှာ ဒါဇင်နဲ့ချီတဲ့ အမျိုးသားများ ပြွတ်သိပ်ထိုင်နေကြပြီး ဒူးခေါင်းချင်းတိုက်ကာ နေရာလွတ်မကျန်သည့် အခြေအနေကို တွေ့ရသည်။ 



နောက်တစ်ပုံတွင် ၎င်းတို့ ကြမ်းပြင်ပေါ်မှာ တစ်ဦးနှင့်တစ်ဦး ကျောပေးအိပ်နေကြပြီး သက်သောင့်သက်သာမရှိမှုနှင့်အတူ မျက်နှာမကောင်းကြချေ။ ယမန်နှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထောင်နှင့်ချီသည့် နိုင်ငံရေးအကျဥ်းသားများကို ကြမ်းတမ်းသည့် အင်းစိန်ထောင်သို့ ပို့ခဲ့ပြီး ပြင်ပနှင့် အဆက်အသွယ်ကို သိသိသာသာ ကန့်သတ်ထားခဲ့သည်။ 



မင်ပြာဖြင့် ရေးခြစ်ထားသည့် ထိုပုံကြမ်းများက အမျိုးသားအကျဥ်းသားအုပ်စုများအတွက် ၎င်းတို့၏ အဆောင်တွေထဲမှ နေ့စဥ်ဘဝ၊ ရေချိုးရန် တန်းစီနေကြပုံ၊ စကားပြောနေ သို့မဟုတ် ပူပြင်းတဲ့ရာသီဥတုမှာ ကြမ်းပြင်ပေါ်လဲလျောင်းနေကြပုံတို့ကို ဖော်ပြထားသည်။



ထိုပုံကြမ်းများအပြင် အင်းစိန်ထောင်ထဲတွင် ကြွက်အများအပြားရှိကြောင်း၊ လာဘ်ပေးလာဘ်ယူ လုပ်ဆောင်နေကျ နေရာဖြစ်ကြောင်း၊ အကျဥ်းသားများ ကြမ်းပြင်ပေါ်မှာ အိပ်စက်ရန်နေရာအတွက် ငွေပေးကြရကြောင်းနှင့် ဖျားနာသူအများအပြား ဆေးကုသခွင့်မရကြကြောင်း လတ်တလော ထိုထောင်မှလွတ်မြောက်လာသည့် အကျဥ်းသားရှစ်ဦးက ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် အဆောက်အဦ ထောင်တွင်းအခြေအနေကို Reuters သတင်းဌာနထံ ပြောပြကြသည်။



"ကျွန်တော်တို့က သံတိုင်တွေနောက်မှာ လူလို မနေရဘူး"ဟု အသက် (၂၄) နှစ်အရွယ် အမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။

၎င်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် ဆက်စပ်ပြီး လနဲ့ချီကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အင်းစိန်ထောင်မှ ပြန်လွတ်လာစဥ် ပန်းချီပုံကြမ်းများကို အပြင်သို့ ခိုးထုတ်ယူလာခဲ့သူလည်း ဖြစ်သည်။ ပန်းချီပုံကြမ်းများကို ရေးဆွဲသူက ယမန်နှစ် ဧပြီလနှင့် ဇူလိုင်လအတွင်း ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထိုပုံကြမ်းများကို ရေးဆွဲခဲ့သူက ပြန်အဖမ်းခံရမည်ကို ကြောက်ရွံ့သောကြောင့် ၎င်း၏အမည်ကို ထုတ်ဖော်ပြောရန်နှင့် အင်တာဗျူးဖြေဆိုရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။



စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးအဖွဲ့ဝင် အများစုအပါအဝင် လူပေါင်း ၁၀,၀၇၂ ဦးကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လူ ၁,၇၃၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ အကူအညီပေးရေးအဖွဲ့အစည်း AAPP က ပြောသည်။ စစ်တပ်ဘက်ကမူ AAPP ၏ ကိန်းဂဏန်းများမှာ ချဲ့ကားပြောဆိုမှုဟု ဆိုသည်။ 



စစ်တပ်က ဖမ်းဆီးခဲ့သူတွေအနက် အများအပြားကို အင်းစိန်ထောင်သို့ ပို့ခဲ့သည်။ လူ ၅,၀၀၀ ခန့်ကို အကျဥ်းချရန် တည်ဆောက်ထားခဲ့သည့် အင်းစိန်ထောင်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဥ်းသားဦးရေ ၁၀,၀၀၀ ကျော်ရှိလာခဲ့ကြောင်း AAPP ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ ထိုအရေအတွက်ကို Reuters က အတည်မပြုနိုင်ပေ။



အင်းစိန်ထောင်ရှိ အခန်းတစ်ခန်းထဲမှာ အခြား အကျဥ်းသား ၁၀၀ အထိနှင့်အတူ စုပြုံနေခဲ့ရပြီး တစ်ဦးနှင့်တစ်ဦး လက်တစ်ချောင်းစာအကွာဖြင့် အိပ်ခဲ့ကြရသည်ဟု ညီညီထွေးက ဆိုသည်။ ထောင်တာဝန်ရှိသူတွေက အကျဥ်းသားများကို တုတ်တိုဖြင့် ရိုက်နှက်ကြတာကို တွေ့ခဲ့ရပြီး မိသားစုထံသို့ မှာကြားရန် လာဘ်ပေးခဲ့ရကြောင်းလည်း  လွတ်မြောက်လာသူတစ်ဦးးက ပြောသည်။ 



အင်းစိန်ထောင်တွင်း အကျဥ်းသားဦးရေ အဆမတန် များပြားလာမှုနှင့်အတူ ရေပြတ်လပ်မှု၊ ရောဂါဖြစ်ပွားမှု၊ ပင်ပန်းနွမ်းနယ်မှု၊ အကျဥ်းသားများကြား ခိုက်ရန်ဖြစ်ပွားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများ ပိုများလာခဲ့ကြောင်း လတ်တလော လများအတွင်း ထောင်မှပြန်လွတ်လာသူတွေက ပြောကြသည်။



"ကြွက်တွေ အခန်းထဲမှာ လှည့်ပတ်ပြေးနေကြတယ်။ အိမ်သာတွေက ညစ်ပတ်နေတယ်။ အစားအစာထဲမှာ ယင်ကောင်တွေနဲ့ ရောနေတယ်။ လာဘ်မပေးနိုင်သူတွေက မစင်စွန့်တဲ့ပုံးဘေးမှာ အိပ်ကြရတယ်" ဟု အင်းစိန်ထောင်မှ ပြန်လွတ်လာသူ အသက် (၄၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းသည်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်တွင် လနဲ့ချီကြာ နေခဲ့ရသူဖြစ်သည်။ ထို့နောက် ၎င်းအပေါ် စွဲဆိုထားသည့် စွဲချက်များအတွက် ပြစ်ဒဏ်ချမည့်ရက်ကို စောင့်ဆိုင်းနေစဥ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာခဲ့သည်။ ထိုစဥ်ကတည်းက ၎င်းသည်က မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့သည်။



ထောင်မှလွတ်ပြီးနောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ထံ ဝင်ရောက်ခဲ့သူ လူငယ်တစ်ဦးက အင်းစိန်ထောင်တွင်း COVID-19 ကူးစက်ဖြစ်ပွားစဥ်က မသေတာ ကံကောင်းသည်ဟု ၎င်း၏ အတွေ့အကြုံကို ပြန်ပြောပြသည်။

ယမန်နှစ် နွေရာသီက ၎င်းနေရသည့် အဆောင်တွင် အကျဥ်းသား သုံးပုံနှစ်ပုံ COVID-19 လက္ခဏာများနှင့် နေမကောင်းဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

"ကိုယ်ပူချိန်တက်၊ ချောင်းဆိုးပြီး နေမကောင်းဖြစ်နေတဲ့သူတွေ အကုန်လုံးကို ကျွန်တော်တို့အခန်းထဲမှာ ထည့်ထားတယ်။ ကျွန်တော် မသေတာ ကံကောင်းတယ်" ဟု ၎င်းက ပြောသည်။

AAPP ၏ အဆိုအရ အင်းစိန်အကျဥ်းထောင်တွင် COVID-19 သံသယဖြင့် အနည်းဆုံး အကျဥ်းသား (၁၀) ဦး သေဆုံးခဲ့ကြောင်း သိရသည်။



Source: Reuters



(Reeuters သတင်းဌာနက ဖော်ပြထားသည့် 'Smuggled sketches offer glimpses into harsh Myanmar prison' သတင်းဆောင်းပါးကို အကျဥ်းချုပ်ဘာသာပြန် တင်ဆက်ထားပါသည်)