တောင်ကိုရီးယား ရွေးကောက်ခံသမ္မတက အမေရိကန် နျူကလီးယား ဗုံးကြဲလေယာဥ်နှင့် ရေငုပ်သင်္ဘောများ ပြန်လာစေလို

တောင်ကိုရီးယား ရွေးကောက်ခံသမ္မတက အမေရိကန် နျူကလီးယား ဗုံးကြဲလေယာဥ်နှင့် ရေငုပ်သင်္ဘောများ ပြန်လာစေလို
By Mr John

 တောင်ကိုရီးယား ရွေးကောက်ခံသမ္မတက ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်၏ နျူကလီးယား ဗုံးကြဲလေယာဥ်များနှင့် ရေငုပ်သင်္ဘောများ ပြန်လည် ဖြန့်ကျက်ချထားရန် လိုလားနေသည်ဟု ဆိုသည်။ တောင်ကိုရီးယားသမ္မတသစ် ဖြစ်လာမည့် Yoon Suk-yeol ၏ အကြံပေးပုဂ္ဂိုလ်များက အမေရိကန်ကို သွားရောက်ခဲ့စဥ်အတွင်း ထိုကိစ္စကို ဆွေးနွေးခဲ့ကြောင်း အကြံပေးပုဂ္ဂိုလ်များအနက်မှ တစ်ဦးက ဧပြီ (၆) ရက်တွင် ပြောသည်။

နိုင်ငံခြားရေးမူဝါဒနှင့် လုံခြုံရေးဆိုင်ရာ အထောက်အကူပြုသူများ ပါဝင်သည့်အဖွဲ့က အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Jake Sullivan နှင့် ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကို ထိုဆွေးနွေးမှုနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ယေဘုယျသဘော ဆွေးနွေးခဲ့ကြောင်း ပြောခဲ့ပေမဲ့ အသေးစိတ် ထုတ်ဖော်ပြောခြင်း မရှိကြောင်း Reuters သတင်းက ဖော်ပြသည်။

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ ယခုနှစ်အတွင်း တိုးမြှင့်လုပ်ဆောင်နေခဲ့ရာ တောင်ကိုရီးယားနှင့် အမေရိကန်တို့က စိုးရိမ်ပူပန်နေကြသည်။ တောင်ကိုရီးယားသမ္မတသစ် ဖြစ်လာမည့် Yoon Suk-yeol က မြောက်ကိုရီးယား ခြိမ်းခြောက်မှုကို ဟန့်တားရန် ပိုမိုအသင့်ဖြစ်နေသည့် လုံခြုံရေးအခြေအနေကို လိုလားကြောင်း သိရသည်။ မတ်လ (၉) ရက် တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် Yoon Suk-yeol က လာမည့် မေလ (၁၀) ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်သည်။

  ဧပြီလ (၅) ရက်နေ့က တောင်ကိုရီးယားဘက်က စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုကို ရွေးချယ်ပါက သို့မဟုတ် ကြိုတင်ကာကွယ်မှုအဖြစ် တိုက်ခိုက်မှု လုပ်ဆောင်လာပါက မြောက်ကိုရီးယား၏ နျူကလီးယားတပ်ဖွဲ့က တုံ့ပြန်တိုက်ခိုက်သွားရလိမ့်မည်ဟု ခေါင်းဆောင်ကင်မ်ဂျုံအန်၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံက   ပြောဆိုထားသေးသည်။

Source: Reuters

ဆက်စပ်သတင်း

တောင်ကိုရီးယားက တိုက်ခိုက်လာပါက နျူကလီးယား လက်နက်ဖြင့် ပြန်တိုက်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမ ခြိမ်းခြောက်