ကနီဒေသအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က  ထင်ရာစိုင်းကာ လူသတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

Photo: ချင်းတွင်း နွေဦး - တော်လှန်ရေးအင်အားစု
Photo: ချင်းတွင်း နွေဦး - တော်လှန်ရေးအင်အားစု
ကနီဒေသအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က  ထင်ရာစိုင်းကာ လူသတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
ဇန်နဝါရီ 31, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကနီနယ်ဒေသအတွင်းရှိ ကျေးရွာများတွင်  အကြမ်းဖက် စစ်ကောင်စီတပ်က  ထင်ရာစိုင်းကာ လူသတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကနီနယ်၊ ကင်းစံပြရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းကာ နှစ်ရက်ကြာတပ်စွဲပြီးနောက် ဒေသခံတစ်ဦးကို သတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏  မတရားနှိပ်စက် သေဖြတ်မှုကြောင့် ဒေသခံ တစ်ဦးဖြစ်သူ အသက်(၅၈)နှစ်ဝန်းကျင်ရှိ ဦးစန်းအောင် သေဆုံးခဲ့ရသည့်အပြင် ကင်းစံပြရွာမှ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း ဒေသခံ(၆)ဦးမှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇန်နဝါရီလ(၂၉)ရက်က စတင်ပြီး ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ကျေးရွာအတွင်းဝင်ရောက် လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်‌ကောင်စီတပ်များ ကင်းစံပြရွာ၌ တပ်စွဲထားစဉ် ပန်းဆက်၊ တောင်ဖြူ၊ ကျောက်ခဲတက်ရွာမှ ပျူစောထီးများက ဇန်နဝါရီလ(၃၀)ရက်နေ့တွင် မင်းကင်းမြို့နယ်၊ အနောက်တောရွာသို့ စီးနင်းခဲ့ကြောင်း သိရသည်။

၎င်းတို့ လာရာလမ်းဖြစ်သည့် သင်တော၊ တောတိုက် နှင့် ဘင်တောတိုက်ကြားရှိ ဆိုင်ကယ်နှစ်စီးနှင့် တဲတစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး‌ ယနေ့ ဇန်နဝါရီလ(၃၁)ရက်နေ့ ညနေပိုင်းတွင် အနောက်တောရွာ၊ ဘင်ရွာနှင့် အုန္နဲဘုတ်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များက မီးငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

ပျူစောထီးများ မီးရှို့သဖြင့် အိမ်တစ်လုံး၊ နွားစာတိုက်နှစ်လုံး၊ ဆိုင်ကယ်တစ်စီးနှင့် သုံးဘီးဆိုင်ကယ်နှစ်စီးသာ ပျက်စီးခဲ့သော်လည်း ဘင်ရွာနှင့် အုန္နဲဘုတ်ရွာနှစ်ရွာတိုမှာ  ရွာလုံးကျွတ် မီးလောင်သွားခဲ့သည်ဟု သိရသည်။