ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)၏ တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်းနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ ဇန်နဝါရီလ၏ (၁၅)ရက်တာ ကာလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲပေါင်း (၁၁၉)တွင် အာဏာသိမ်းစစ်တပ်ဘက်က (၅၄)ဦး သေဆုံးပြီး KNLA ဘက်က (၁)ဦး ကျဆုံးကြောင်း သတင်းထုတ်ပြန်လာသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) နေ့မှ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ တိုက်ပွဲပေါင်း (၁၁၉)ကြိမ် ဖြစ်ပွားရာ အာဏာသိမ်းစစ်တပ် နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တို့ဘက်က (၅၄)ဦး သေဆုံးပြီး (၄၈)ဦး ဒဏ်ရာရရှိသွားသလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA )ဘက်က တပ်ဖွဲ့ဝင် (၁)ဦး ကျဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့ ဇန်နဝါရီလ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။
(၁၅)ရက်တာ တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်(၁၃)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်က ဖာပွန်ခရိုင်၊ ကမမောင်း အကြား ခွေးသေနှင့် (၂၁)မိုင်ဒေသ၊ လူသောဒေသတို့တွင် ပြည်သူများ လုပ်ကိုင်စားသောက်သော နေရာကို လက်နက်ကြီး(၇၆)ကြိမ် ပစ်ခတ်ခဲ့သည့်အပြင် လေယာဉ်ဖြင့်ပါ (၁၀)ကြိမ် ဗုံးကြဲခဲ့သည့်အတွက် ပြည်သူ(၃)ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။