စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ နေအိမ်များကို အာဏာသိမ်းတပ်အား လိုက်လံပြသ သတင်းပေးသည်ဆိုသည့် အမျိုးသမီးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ရှင်းလင်းလိုက်ရသည်ဟု မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ အမျိုးသမီး၏ သတင်းပေးလမ်းပြမှုဖြင့် အာဏာသိမ်းစစ်တပ်သည် ဇန်နဝါရီလ (၁၃) ရက်နေ့က ကျေးရွာတွင်းမှ နေအိမ် (၁၃)လုံးကို မီးရှို့သွားခဲ့ပြီးနောက် ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အဆိုပါ အမျိုးသမီးသည် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၏ နေအိမ်များကို အာဏာသိမ်းစစ်တပ်အားကားတစ်စီးဖြင့် လိုက်လံပြသခဲ့၍ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ၊ Myaung Union Army ၊ Myaung Women Warriors ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့နှင့် မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့တို့ကို ယင်းကဲ့သို့သတိပေးလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။