ထိုင်းနိုင်ငံဘက်ရောက်လာသည့် မြန်မာစစ်ဘေးရှောင်များကို ကူညီမည်ဟု ထိုင်းဝန်ကြီးချုပ်ပြောကြား

ထိုင်းနိုင်ငံဘက်ရောက်လာသည့် မြန်မာစစ်ဘေးရှောင်များကို ကူညီမည်ဟု ထိုင်းဝန်ကြီးချုပ်ပြောကြား
ဒီဇင်ဘာ 25, 2021 | အခြားဒေသများ

ကရင်ပြည်နယ်ဘက်မှ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက် စစ်ဘေးရှောင်လာရသူ (၉၀,၀၀၀)ကျော်ရှိနေပြီဖြစ်ပြီး စစ်ရှောင်များကို လူသားချင်းစာနာမှုအကူအညီများရရှိစေရမည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ဖေါ်ပြထားသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စစ်ရှောင်များအား ဆေးဝါးများနှင့် အစားအသောက်များ ပံ့ပိုးရေးအတွက် ပြင်ဆင်ထားရန် ညွန်ကြားထားသည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

မြန်မာနိုင်ငံနှင့်နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်ဘက်တွင် မြန်မာစစ်ရှောင်များ ရောက်နေကြပြီး လက်ရှိတွင် နွားခြံတစ်ခုတွင် ယာယီစခန်းအဖြစ် နေရာပေးထားကြောင်း သိရသည်။

စဖြစ်တုန်းက စစ်ရှောင်တွေကို စာသင်ကျောင်းထဲမှာ ထားတာ။ လူနေရပ်ကွက်နဲ့နီးတော့ ရောဂါကြောက်ကြတော့ ပိတ်ဝန်းကျင်က မထားချင်ကြဘူး။ အဲဒါကြောင့် နွားခြံကိုရွှေ့ပေးလိုက်တာ။ တစ်ချို့လည်း ယာယီစခန်းကို မသွားကြပါဘူး။ နယ်စ်တလျှောက် တောထဲမှာပဲ ပုန်းနေကြတဲ့ စစ်ရှောင်တွေရှိနေတယ်။ သူတို့အတွက်တော့ ရွက်ဖျင်တဲလေးတွေတို့၊ နေထိုင်စားသောက်ရေးတို့ လိုပါတယ်

ဟု မြန်မာစစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ထိုင်းအစိုးရအနေဖြင့် မဲဆောက်တွင် စစ်ရှောင်များအရေး ကူညီနေသည့် ဒေသခံတက်ကြွလှုပ်ရှားသူများနှင့် လူသားချင်းစာနာမှုအကူအညီပေးနေသည့်အဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်ကိုလည်း စစ်ရှောင်အရေးကူညီပေးနေသည့် နယ်စည်းမခြားမိတ်ဆွေများ (Friends without Borders Foundation) ကထုတ်ပြန်ချက်ထုတ်၍ တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။

မိမိနိုင်ငံလူထုအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေသည့် မြန်မာစစ်တပ်ကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍လည်းကောင်း အထောက်အပံ့ပေးနေမှုများကို  လုံးဝဖြတ်တောက်ကာ ထိုင်းနိုင်ငံအနေဖြင့် ပြတ်ပြတ်သားသားရပ်တည်သင့်သည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။