Non CDM ဝန်ထမ်းများ အတွက် ထောက်ပံ့ရာ အခမ်းအနားသို့ စကစ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က သေနတ်ခါးကြားထိုးပြီး တက်ရောက်

Non CDM ဝန်ထမ်းများ အတွက် ထောက်ပံ့ရာ အခမ်းအနားသို့ စကစ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က သေနတ်ခါးကြားထိုးပြီး တက်ရောက်
ဧပြီ 24, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်းအတွင်း ပင်လယ်ဘူးမြို့နယ်အတွင်းမှ တိမ်းရှောင်နေသည့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် မိသားစုများကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၂ ခုနှစ် ဧပြီလ (၂၂) ရက်နေ့က ရွှေဘိုမြို့၌ ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို သေနတ်ခါးကြားထိုး၍ တက်ရောက်လာသည်ကို တွေ့ရသည်။

ပင်လယ်ဘူးမြို့မှ တိမ်းရှောင်လာသည့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် မိသားစုများကို ငွေကျပ် သိန်း(၃၀၀) နှင့် ငါးခြောက်၊ ငါးပိများထောက်ပံ့သည့် အခမ်းအနားတွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က အရပ်ဝတ်ဖြင့် သေနတ်ခါးကြားထိုး၍ အလှူငွေပေးအပ်နေသည်ကို တွေ့ရသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးနောက် လူထုနှင့်သက်ဆိုင်သည့်ပွဲ၊ အခမ်းအနားများတွင် သေနတ်ခါးကြားထိုး၍ ပွဲတက်ကြသည့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များကို အများအပြားတွေ့လာရခြင်းဖြစ်သည်။