လေကြောင်းဖြင့် ပစ်ခတ်ခံရသည့် ရေမျက်ရွာကို အာဏာသိမ်းစစ်တပ်က နေအိမ်များ မီးထပ်ရှို့နေ

လေကြောင်းဖြင့် ပစ်ခတ်ခံရသည့် ရေမျက်ရွာကို အာဏာသိမ်းစစ်တပ်က နေအိမ်များ မီးထပ်ရှို့နေ
ဒီဇင်ဘာ 22, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှ ရေမျက်ရွာတွင် ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက် ည(၁၀)နာရီမှစ၍ အာဏာသိမ်းစစ်တပ်က နေအိမ်များမီးရှို့နေကြောင်း သိရသည်။

ရေမျက်ရွာကို အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် လေကြောင်းမှ ပစ်ခတ်မှုပြုလုပ်ပြီး လေကြောင်းမှ အင်အားထပ်မံပို့ဆောင်ထားသည့်အပြင် မြေပြင်တပ်ဖွဲ့က ကျေးရွာတွင်း ဝင်ရောက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

ယင်းအပြင် လေကြောင်းပစ်ခတ်မှုကြောင့် စပါးရိတ်သိမ်းနေသည့်လုပ်ငန်းခွင်မှ တောင်သူများ ထွက်ပြေးကြရပြီး ယနေ့အထိ စပါးများကို ရိတ်သိမ်းနိုင်ခြင်းမရှိဘဲ ပစ်ထားကြရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ဝင်မွှေသဖြင့် ရေဦးမြို့နယ်အတွင်းရှိ လေးရွာအုပ်စု၊ ပလူဇဝအုပ်စု၊ ကွမ်းအုံအုပ်စု၊ ရေမျက်အုပ်စု၊ ဝသဲအုပ်စု၊ ခေါင်နွဲ့အုပ်စု၊ ပေကြီးအုပ်စု၊ တမတောအုပ်စု၊ မကျီးနီအုပ်စုနှင့် အနီးဝန်းကျင်ရှိ ဒေသခံများမှာ ယနေ့အထိ တိမ်းရှောင်နေကြရပြီး ယနေ့တွင်လည်း  စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များ ဝဲနေသည့်အပြင် အာဏာသိမ်းစစ်တပ်၏ ခြေလျင်တပ်များ ရွေ့လျားမှုများရှိနေကြောင်းသိရသည်။