မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင်း အမျိုးသား(၄)ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိကြောင်း သိရသည်။
တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့၏ အမာခံသတင်းပေးအရ ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်(၇)နာရီကျော်က တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(အတွင်း)ရှိ ဆမ်နပ်(ခ) ကျိုင်းကျန်၏ နေအိမ်အား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲမှူး မျိုးမင်းလှိုင် နှင့် ရဲအုပ်မြတ်ကြည်သာ တို့က အာဏာသိမ်းစစ်တပ်နှင့်ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေရာမှ ကျပ်သိန်း(၉၀)ဝန်းကျင် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် သေနတ်အပျက်တစ်လက်တို့ အပါအဝင် ကျည်အိမ်တစ်ခုတို့ကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့က အဆိုပါ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဆမ်နပ်(ခ) ကျိုင်းကျန်အား နေအိမ်တွင် အသင့်တွေ့ရပြီး လာရောက်ဖမ်းဆီးသည့် အဖွဲ့ကို တွေ့၍ ဆမ်နပ်(ခ) ကျိုင်းကျန်က နေအိမ်အတွင်းကနေ အပြင်ကို အထုပ်တစ်ထုပ် လွှင့်ပစ်လိုက်သည့်ကို မူးယစ်ရဲက တွေ့ရှိသွားသည့်အတွက် သွားကောက်ပြီး ဖွင့်ဖောက် စစ်ဆေးရာ အလေးချိန်စုစုပေါင်း (၉၀၀)ဂရမရှိသည့် အိုက်စ်(Methamphetamine)မူးယစ်ဆေးဝါးကို သိမ်းဆည်းရမိသလို နေအိမ်၏ အိမ်ခေါင်မိုးပေါ် ရေကန်အနီးမှ YC20-13181 နံပါတ်ပါရှိသည့် CLOTS တံဆိပ် တူရကီနိုင်ငံလုပ် ခဲရောင် 9mm ပစ္စတိုသေနတ် (၁)လက်နှင့် ၎င်းကျည်အိမ် (၁)ခုတို့ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါ နေအိမ်မှ အသက်(၂၆)နှစ်အရွယ် ဆမ်နပ်(ခ)ကျိုင်းကျန် အပြင် အသက်(၂၁)နှစ်အရွယ် ဝေလျှံစော၊ အသက်(၂၃)နှစ်အရွယ် ဆိုင်းထွန်း နှင့် အသက်(၂၅)နှစ်အရွယ် အိုက်စိုင်းတို့ကိုလည်း တွေ့ရှိရသည့်အတွက် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ တာချီလိတ်မြို့ တော်ကော့ နှင့် လွယ်တော်ခမ်းအပါအဝင် 'ဝ'အထူးဒေသ(၂) မိုင်းထလန်းမှ (၂)ဦး ပါဝင်သည့်အတွက် ကွင်းဆက်ဖော်ထုတ်ရမိရေး စစ်ကြောရေးပြုလုပ်နေလျှက်ရှိကြောင်း Tachileik News Agency ၏ သတင်းရင်းမြစ်များထံက သိရသည်။