ချိတ်ပိတ်ခံထားရသည့် မန္တလေးတိုင်း NLD ရုံး ပစ်ခတ် ဖောက်ခွဲ ဖျက်ဆီးခံရ

Photo: CJ
Photo: CJ
ချိတ်ပိတ်ခံထားရသည့် မန္တလေးတိုင်း NLD ရုံး ပစ်ခတ် ဖောက်ခွဲ ဖျက်ဆီးခံရ
အောက်တိုဘာ 28, 2021 | အခြားဒေသများ
By Tachileik News Agency

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က ချိတ်ပိတ်ထားသည့် မန္တလေးတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး  ပစ်ခတ် ဖောက်ခွဲ ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။ 

၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့ ည(၁၂)နာရီဝန်းကျင်အချိန်က  ဖောက်ခွဲခံရခြင်းဖြစ်ပြီး လက်နက်များကိုင်ဆောင်ထားသည့် လူတစ်စုက အိမ်စီးကား နှစ်စီးဖြင့်လာရောက်ပြီး ဖောက်ခွဲဖျက်ဆီးသည့်အပြင် သေနတ်များဖြင့်လည်း ပစ်ခတ်သွားပြီးနေက် အဆိုပါ ကားများသည် ရဲမွန်တောင်ရပ်ကွက်ရုံးဘက်သို့ ဝင်သွားသည်ဟု ဒေသခံများထံက သိရသည်။

"စစ်အာဏာရှင်ကို မလိုလားတဲ့ ပြည်သူတွေကတော့ NLD ပါတီဝင်တွေ မဟုတ်လည်း  NLD ရုံးကိုတော့ လုပ်မှာ မဟုတ်ဘူး။ အခုလို လုပ်တယ်ဆိုတာ ဘယ်သူတွေရဲ့ စေခိုင်းချက်လဲ။ ဘယ်သူလုပ်လည်း အများကြီးစဉ်းစားစရာမလိုပါဘူး။ စစ်သားတွေ နဲ့ ပျူစောထီးတွေပဲ ဖြစ်မှာပေါ့"ဟု မန္တလေး ဒေသခံတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၈)ရက်နေ့တွင် ပြောသည်။

မန္တလေးမြို့တွင် အာဏာသိမ်းစစ်တပ်မှ နေ့ရောညပါ အိမ်စီးကားများဖြင့် လှည့်လည်သွားလာနေသလို ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဘုန်းကြီးကျောင်းအတွင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ထုလည်း ဖျက်ဆီးခံရခြင်းများလည်း ဖြစ်ပွားခဲ့သည်။