မြန်မာနိုင်ငံ - အာဆီယံအထူးသံတမန်၏ လုပ်ငန်းများကို ဥရောပသမဂ္ဂက ပံ့ပိုးကူညီမည်

AP Photo/Richard Drew
AP Photo/Richard Drew
မြန်မာနိုင်ငံ - အာဆီယံအထူးသံတမန်၏ လုပ်ငန်းများကို ဥရောပသမဂ္ဂက ပံ့ပိုးကူညီမည်
အောက်တိုဘာ 13, 2021 | နိုင်ငံတကာသတင်း

မြန်မာနိုင်ငံတွင် လက်ရှိပဋိပက္ခအရှိန်လျှော့ချရေးစတင်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးကို ဆောင်ရွက်ရန် အကြမ်းမဖက်ငြိမ်းချမ်းစွာဖြေရှင်းနည်း ရှာဖွေနေသည့် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုကို ဥရောပသမဂ္ဂက ခိုင်မာပြတ်သားစွာပံ့ပိုးကူညီမည်ဟု ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အတိုင်း လျင်မြန်တိကျစွာ အကောင်အထည်ဖော်ရန် လိုအပ်ပြီး အထူးသံတမန်၏ နိုင်ငံတစ်ဝှမ်းဒေသအသီးသီးရှိ အဓိကပတ်သက်ဆက်နွှယ်သူအားလုံးနှင့်သာမက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန်နှင့်ပါ မိတ်ဖက်ပြုလျက် အပြုသဘောဆောင်ပြီး အားလုံးပါဝင်သော ဆွေးနွေးပွဲအား ဦးဆောင်ကျင်းပမှုကို အပြည့်အဝပံ့ပိုးကူညီရန် အသင့်ရှိနေပါသည်ဟု ဥရောပသမဂ္ဂ၏ အထူးကိုယ်စားလှယ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲဟုဆိုရာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအုပ်စုများ၊ နိုင်ငံရေးပါတီများနှင့် လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေဖော်ထုတ်ရန် ဆုံးဖြတ်ထားသည့် ဒီမိုကရေစီလိုလားသော အခြားအင်အားစုများစသဖြင့် သက်ဆိုင်ရာ ပတ်သက်ဆက်နွှယ်သူအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း အလေးပေးပြောကြားထားသည်ကိုလည်း တွေ့ရသည်။ 

ဥရောပသမဂ္ဂက မြန်မာပြည်သူပြည်သားများ၏ဘက်မှ အခိုင်အမာရပ်တည်ကြောင်း ဖေါ်ပြပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အာဏာသိမ်းမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွတ်ငြိမ်းခွင့်ပြုရန်၊ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲကိုဖြစ်မြောက်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိစေရန်တို့ကိုလည်း ထပ်လောင်း တောင်းဆိုထားသည်ကို တွေ့ရသည်။ 

 မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ အာဆီယံက ကြားဝင်ဆောင်ရွက်ပေးမည့် ဘုံသဘောတူညီချက် (၅) ချက်ရရှိခဲ့ပြီး (၄) လနီးပါးအကြာတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်နိုင်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ ပထမဆုံး မြန်မာခရီးစဉ်အတွက်  မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် နှစ်လနီးပါးကြာ ဆွေးနွေးခဲ့ရပြီးနောက် အောက်တိုဘာလ (၁၂) ရက်နေ့တွင် လာရောက်ရန်ဖြစ်သော်လည်း အာဏာသိမ်း စစ်အုပ်စုက အထူးကိုယ်စားလှယ်တွေ့မည့်သူများအား ကန့်သတ်မှုကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီမှ ကိုယ်စားလှယ်များ၊ NUG ၊ CRPH တို့နှင့် တွေ့ဆုံရန်ခက်ခဲမည်ဟု အာဏာသိမ်းစစ်ကောင်စီက ပြောထားပြီး မြန်မာအာဏာသိမ်းအဖွဲ့အနေဖြင့် အာဆီယံအထူးကိုယ်စားလှယ်နှင့်ပူးပေါင်းဆောင်ရွက်မှုမရှိပါက လာမည့် အောက်တိုဘာလ (၂၆) ရက်နေ့တွင် စတင်မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာတက်ရောက်ခွင့် ဖယ်ရှားခံရနိုင်သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က သတိပေးပြောကြားထားသည်။

#TachileikNewsAgency