ဘန်ကောက်မြို့တွင် နေ့စဥ် COVID-19 ကူးစက်မှုများ သင်္ကြန်ပွဲတော်မတိုင်မီကထက် (၂) ဆနီးပါး တွေ့ရှိလာရ

ဘန်ကောက်မြို့တွင် နေ့စဥ် COVID-19 ကူးစက်မှုများ သင်္ကြန်ပွဲတော်မတိုင်မီကထက် (၂) ဆနီးပါး တွေ့ရှိလာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် နေ့စဥ် COVID-19 ကူးစက်မှုများ (၄၀၀) မှ (၇၀၀) ဖြစ်လာခဲ့ပြီး  ထိုင်းသင်္ကြန်ပွဲတော် မတိုင်မီကထက် ကူးစက်မှုအရေအတွက် (၂) ဆနီးပါး တွေ့ရှိလာရကြောင်း သိရသည်။ 

ဘန်ကောက်မြို့တော်တွင် ကူးစက်ခံရမှုအချို့ကို အာဏာပိုင်များ စာရင်းမရယူနိုင် သို့မဟုတ် စာရင်းပြုစုနေဆဲဖြစ်ရာ အခြေအနေမှာ ပိုဆိုးနိုင်ကြောင်းနှင့် ဘန်ကောက်၏ နေ့စဥ် ကူးစက်မှုမှာ (၁,၀၀၀) သို့ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း Bangkok Metropolitan Administration (BMA) မှ လက်ထောက်မှတ်တမ်းအရာရှိ Wantanee Watana က ပြောသည်။

ဘန်ကောက်တွင် တွေ့ရှိရသည့် ကူးစက်မှုအများစုမှာ ယခင် ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ်ဟောင်းများ ကူးစက်ခံရခြင်းဖြစ်ပြီး အိုမီခရွန် ထပ်ဆင့်မျိုးကွဲအသစ် XBB.1.16 မဟုတ်သောကြောင့် COVID-19 ကူးစက်မှုများ ပြန်လည် မြင့်တက်လာမှုအပေါ် ပြည်သူများအနေဖြင့် မစိုးရိမ်ကြရန် ဒေါက်တာ Wantanee က ရှင်းပြသည်။ 

လက်ရှိအချိန်အထိ XBB.1.16 ဗိုင်းရပ်စ်ကူးစက်ခံရမှု (၂၇) ခုသာ တွေ့ရှိထားကြောင်းနှင့် စိုးရိမ်စရာ မဟုတ်သေးဟု ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ကျန်းမာရေးမကောင်းသူများမှာ Pfizer, Moderna သို့မဟုတ် AstraZeneca ကဲ့သို့ ကာကွယ်ဆေးများကို ထိုးထားသင့်ကြောင်း ဒေါက်တာ Wantanee က ထောက်ခံအကြံပြုခဲ့သည်။

ထိုကာကွယ်ဆေးများကို BMA ထံမှ အခမဲ့ ရရှိနိုင်ပြီး Vajira ဆေးရုံနှင့် အခြား ဘန်ကောက်မြို့ရှိ အစိုးရဆေးရုံများတွင်လည်း ရရှိနိုင်ကြောင်း ၎င်းကဆိုသည်။

ထိုအတောအတွင်း ဘန်ကောက်မြို့တော်၏ Tha Phra Chan ဧရိယာရှိ ဘဏ်တစ်ခုရှေ့တွင် COVID-19 ကူးစက်ခံထားရသည့် အိုးမဲ့အိမ်မဲ့ အမျိုးသားတစ်ဦး ဧပြီလ (၂၂) ရက်နေ့က သေဆုံးနေသည်ကို တွေ့ရကြောင်း Chana Songkhram ရဲစခန်းမှ ရဲအရာရှိ Yosita Harikul က ပြောသည်။ 

ရဲတပ်ဖွဲ့က သေဆုံးသွားသည့် ထိုအမျိုးသားကို မည်သူဖြစ်ကြောင်း မသိနိုင်ဘဲ ၎င်းထံတွင် တွေ့ရသည့် အထောက်အထား စာရွက်စာတမ်းများအရ အသက် (၅၀) အရွယ်ဖြစ်သည်ဟု ယူဆရသည်။

ကနဦး အလောင်းစစ်ဆေးမှုအရ ထိုအမျိုးသား သေဆုံးရခြင်းမှာ အဆုတ်ရောင်ရောဂါကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။ 

၎င်း၏အလောင်းကို နောက်ထပ် စစ်ဆေးမှုများလုပ်ရန် Vajira ဆေးရုံ၏ မှုခင်းဆေးပညာဌာနသို့ ပို့ဆောင်သွားမည်ဟု ရဲအရာရှိ Yosita Harikul က ပြောသည်။ 

ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်မှုလှိုင်းအသစ်အတွင်း နိုင်ငံတဝန်း နေ့အလိုက် ကူးစက်မှုများ (၅,၀၀၀) မှ (၁၀,၀၀၀) အထိ ရှိလာနိုင်သော်လည်း ထိုအရေအတွက်မှာ လျင်မြန်စွာ ပြန်ကျဆင်းသွားနိုင်ကြောင်း Siriraj ဆေးရုံ ဆေးပညာမဟာဌာနရှိ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် တီဘီရေဂါဌာနခွဲမှ ဒေါက်တာ Nitipatana Chierakul က ပြောထားသည်။

Source: Bangkok Post