အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့ကတည်းက ဝင်ရောက်တပ်စွဲခဲ့သည့် တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာတွင် နေအိမ်များ ဖျက်ဆီးခံထားရပြီး အဆက်အသွယ်ပြတ်နေသူများရှိနေ၍ ရှာဖွေကြရာ ဩဂုတ်လ (၃၁) ရက်နေ့အထိ ရုပ်အလောင်း (၆)လောင်းကိုတွေ့ထားကြောင်း သိရသည်။
ကျေးရွာမှ တိမ်းရှောင်နေရသည့် ဒေသခံများသည် ဩဂုတ်လ (၃၁) ရက်နေ့အထိ ကျေးရွာတွင်း ပြန်လည်နေထိုင်ရဲခြင်းမရှိသဖြင့် တိမ်းရှောင်နေကြပြီး ကျေးရွာတွင်းမှ အဆက်အသွယ်ပြတ်နေသူများကို လိုက်လံရှာဖွေကြရာမှ အလောင်းများ တွေ့ကြရခြင်းဖြစ်သည်ဟု သိရသည်။
ကပေါင်းကျကျေးရွာကို ဩဂုတ်လ (၂၆) ရက်နေ့က အာဏာသိမ်းစစ်တပ်ဝင်လာ၍ တောဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဒေသခံများကိုပါ လိုက်လံပစ်ခတ်၍ ဩဂုတ်လ (၂၇) ရက်နေ့က ပုန်းရှောင်နေသည့် မိသားစုမှ ကိုမိုးဆွေဦး ခေါ် ပူစီမှာ သေနတ်ထိမှန်သေဆုံးကာ ညီမဖြစ်သူမှာ သေနတ်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
ကျေးရွာအတွင်း အာဏာသိမ်းစစ်တပ် ဝင်လာစဉ်က ဖမ်းဆီးခံရသည့် ကိုဟိန်းဇာနှင့် ကိုဇော်မင်းလေးတို့၏ ရုပ်အလောင်းများကို ဩဂုတ်လ (၂၉) ရက်နေ့က ရွာအနီးတွင် တွေ့ခဲ့ကြရပြီးနောက် ဒေသခံများက ဆက်လက်ရှာဖွေကြရာ ကိုကျော်နိုင်ခင်း ခေါ် ကိုဂျပန်၊ ကိုလွင်မိုး၊ ဦးဖိုးကြီးတို့၏ရုပ်အလောင်းများကိုလည်း ထပ်မံတွေ့ရှိခဲ့ကာ ဩဂုတ်လ (၃၁) ရက်နေ့ နေ့လယ်ပိုင်းက တွေ့ရှိသည့် ရုပ်အလောင်းကိုမူ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။
အာဏာသိမ်းစစ်တပ် ဝင်ရောက်တပ်စွဲသွားသည့် ကျေးရွာအတွင်း၌လည်း နေအိမ်များ ပျက်စီးနေသည်ကို တွေ့ကြရသည်ဟု သိရသည်။
#TachileikNewsAgency
Photo: CJ