စစ်တပ်က ပြည်သူ့ဆန္ဒမဲရလဒ်ကိုပယ်ဖျက်ပြီး နိုင်ငံ့အာဏာသိမ်းလိုက်သဖြင့် အာဏာသိမ်းအဖွဲ့လက်အောက်မှ ထွက်လာပြီး ပြည်သူနှင့်အတူ ရပ်တည်လာကြသည့် ပြည်သူ့စစ်သားများက ပြည်သူသို့တောင်းပန်ခြင်းကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်လာသည်ကို တွေ့ရသည်။
စစ်တပ်ကို စွန့်ခွါပြီး ပြည်သူ့ဘက်ရပ်တည်ခဲ့သူ တပ်မတော်သားများသည် တာဝန်ယူစိတ်ရှိရှိဖြင့် တစ်ဦးချင်း တောင်းပန်ခဲ့ပြီး ဖြစ်ပါလိမ့်မည်။ သို့သော်လည်း ပိုမိုလေးနက်စွာ တောင်းပန်လိုသောကြောင့် ပြည်သူ့စစ်သားအများစုဖြင့် ဖွဲ့စည်းထားသော ပြည်သူ့စစ်သားများအဖွဲ့အနေဖြင့် ထပ်မံတောင်းပန်လိုပါသည်။ ကျွန်တော်တို့သည် အဖွဲ့အစည်းရဲ့ကောင်းမွေ ၊ ဆိုးမွေများ အားလုံးကို တာဝန်သိစိတ်ဖြင့် တာဝန်ယူရမည်ဟု နားလည်လက်ခံထားပါသည်။ မိမိကိုယ်တိုင် မကျုးလွန်သော်လည်း အဖွဲ့ဝင်များမှ ကျုးလွန်မှုများသည် အဖွဲ့ဝင်တိုင်းနှင့် သွယ်ဝိုက်သက်ဆိုင်ပါသည်။ တပ်မတော်သားကောင်းဖြစ်လိုသူများသည် ပြည်သူကို အနိုင်ကျင့်ကြမည်မဟုတ်ပါ။ အနိုင်ကျင့်သူများသည် " တပ်မတော်သား" များ မဟုတ်ကြောင်း သိစေလိုပါသည်။ ထိုသူများသည် တပ်မတော်သားဟူသော ဂုဏ်ပုဒ်နှင့်မထိုက်တန်ပါ။ ထို့ကြောင့် ပြည်သူ့စစ်သားများအနေဖြင့် " စစ်တပ်မှ ပြည်သူလူထုအပေါ်ကျုးလွန်ခဲ့သည်များကို လေးနက်စွာ တောင်းပန်အပ်ပါသည် ။
ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။
စစ်တပ်မှလွဲ၍ မည်သူမှ ဝေဖန်ခြင်းမရှိသည့် မဲဆန္ဒရှင်စာရင်းကို အကြောင်းပြကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အာဏာထိန်းသည်ဟုဆိုကာ နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ကြသည့် ပြည်သူများအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နှင်းလာသည့် အာဏာသိမ်းစစ်တပ်ကြောင့် ပြည်သူများက လက်နက်စွဲကိုင်တော်လှန်လာကြရာ အာဏာသိမ်းစစ်တပ်အတွင်းမှ ထွက်ပြေး၍ ပြည်သူနှင့်အတူ ရပ်တည်လာသည့် ပြည်သူ့စစ်သားများရှိလာခြင်းဖြစ်သည်။