ရခိုင်ပြည်နယ်အတွင်း ဂွမြို့နယ်တွင် နေ့မထွက်ရအမိန့် ချိုးဖေါက်မှုဖြင့် အဖမ်းခံရသူ (၃)ဦးကို ထောင်ဒဏ် ချမှတ်

ရခိုင်ပြည်နယ်အတွင်း ဂွမြို့နယ်တွင် နေ့မထွက်ရအမိန့် ချိုးဖေါက်မှုဖြင့် အဖမ်းခံရသူ (၃)ဦးကို ထောင်ဒဏ် ချမှတ်
သြဂုတ် 30, 2021 | Covid-19

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ဒေသန္တရအမိန့်ချိုးဖေါက်မှုဖြင့် ဖမ်းဆီးထောင်ဒဏ်ချခံရသူ အရေအတွက်မှာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်နေ့အထိ (၃) ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

နေ့လယ် (၁၂) နာရီမှ  နောက်တစ်နေ့ နံနက် (၅) နာရီအတွင်း နေအိမ်ပြင်ပမထွက်ရ ဒေသန္တရအမိန့်ကို ဩဂုတ်လ (၂၅) ရက်နေ့ ည (၇) နာရီမှစ၍ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းနောက် မြို့နယ်ပူးပေါင်းအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များနှင့် ရဟိုင်ကူးတို့ကျေးရွာအုပ်စုများအတွင်း လှည့်လည်စစ်ဆေးကြရာ နေအိမ်ပြင်ပမထွက်ရ သတ်မှတ်ချိန်အတွင်း အပြင်ထွက်နေသည့် အမျိုးသား (၃) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ (၃) ဦးအနက် ယမန်နေ့က (၁) ဦးကို အလုပ်မဲ့ထောင်ဒဏ် (၁) လချမှတ်ခဲ့ပြီး ယနေ့တွင် ကျန် (၂) ဦးကို အလုပ်မဲ့ထောင်ဒဏ် (၁) လအသီးသီး အမိန့်ချခဲ့ကြောင်း သိရသည်။

      

COVID 19 ကာကွယ်ရေးအတွက် ဂွမြို့တွင် နေ့စဉ် နံနက် (၅) နာရီမှ နေ့လယ် (၁၂) နာရီအတွင်းသာ ဈေးရောင်းဈေးဝယ်ခြင်း၊ ကျန်းမာရေးအတွက် သွားလာခြင်းများကို ခွင့်ပြုထားခြင်းဖြစ်သည်။