လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို အသုတ်လိုက်ခွဲ၍ လက်ခံသွားမည်ဖြစ်ပြီး နေရပ်ပြန်လက်ခံမည့်နေ့ကို ဆွေးနွေးသွားမည်ဟု ၂၀၂၁ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း သတင်းများထွက်လာသည်။
သံရုံးကနေပို့လာတဲ့ လူဦးရေ (၄၀၀)ကျော်နဲ့ ဟိုတစ်နေ့က သူတို့ကောက်ပြီးပို့တဲ့ စာရင်းက(၂၀၀)ကျော် စုစုပေါင်း ၇၀၀ ကျော်လောက် စာရင်းရထားတာတွေကို အသုတ်လိုက်ခွဲပြီး လက်ခံသွားဖို့ ပြင်နေပါတယ်။ ဘယ်နေ့စလက်ခံမယ်ဆိုတာ ဒီရက်ပိုင်းမှာ ဆွေးနွေးညှိနှိုင်းဖြစ်မှာပါ
ဟု မြန်မာဘက်မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၂၇)ရက်နေ့တွင် ပြောသည်။
COVID 19 ကပ်ရောဂါကြောင့် နိုင်ငံအသီးသီးတွင် ဒုက္ခရောက်နေသည့် မြန်မာများကို ၂၀၂၀ ခုနှစ်အတွင်း လက်ခံလာခဲ့ရာ လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် COVID 19 ကြောင့် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသားများကို ၂၀၂၀ခုနှစ် မေလ(၈)ရက်နေ့ကစတင်၍ လက်ခံလာခဲ့ခြင်းဖြစ်သည်။
သို့သော် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလမှစ၍ လာအိုအပါအဝင် နယ်စပ်ဒေသများမှ နေရပ်ပြန်မည့်မြန်မာများအား လက်ခံခြင်းမရှိတော့ဘဲ ရပ်ဆိုင်းသွားရခြင်းဖြစ်သည်။
လာအိုဘက်တွင် စားသောက်နေထိုင်ရေးအပါအဝင် အခက်အခဲမျိုးစုံကြုံတွေ့နေရသဖြင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားစာရင်းကို ရွှေတြိဂံအထူးစီးပွားဇုန်က (၂) ကြိမ်တိုင်တိုင် စာရင်းကောက်ယူပြီး (၆)လ ဝန်းကျင်အကြာ ဇူလိုင်လအတွင်း လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် လာအိုရှိမြန်မာသံရုံးသို့ပေးပို့ခဲ့ကာ နေရပ်ပြန်မြန်မာများအား လက်ခံမည့်ရက်ကို ဆွေးနွေးကြမည်ဟု ဇူလိုင်လ နောက်ဆုံးပတ်တွင် မြန်မာတာဝန်ရှိသူများဘက်မှ သတင်းထွက်လာသည်ကို တွေ့ရသည်။
လာအိုဘက်မှ နေရပ်ပြန်ရန် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့ထားသည့် လူဦးရေ (၄၄၆) ဦးအပြင် ဇူလိုင်လ (၂၅) ရက်နေ့က လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန် ကျေးရွာအုပ်ချုပ်ရေးများက ကောက်ခံထားသည့် လူဦးရေ (၂၉၀)ကျော်ကို တာချီလိတ်ခရိုင်ဘက်တွင် လက်ခံပြီး အသွားအလာကန့်သတ်ရန်နေရာကို ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
နေရပ်ပြန်လိုသူစာရင်းကို အကြိမ်ကြိမ်ကောက်ယူနေသည့် လာအိုရွှေတြိဂံဇုန်ကုမ္ပဏီဘက်မှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က နေရပ်ပြန်စာရင်း ထပ်မနေစေရန် လက်ရှိစာရင်းပေးထားသူများတွင် ပထမအကြိမ်က စာရင်းပေးထားပြီးသူများပါဝင်နေပါက ၎င်းတို့ထံအကြောင်းကြားပေးရန် အသိပေးထားသည်ကိုလည်း တွေ့ရသည်။