အမေရိကန်အစိုးရသက်တမ်းဝက်၏ ရွေးကောက်ပွဲ မဲရလဒ်များ နောက်ဆုံး အခြေအနေ

အမေရိကန်အစိုးရသက်တမ်းဝက်၏ ရွေးကောက်ပွဲ မဲရလဒ်များ နောက်ဆုံး အခြေအနေ
နိုဝင်ဘာ 13, 2022 | နိုင်ငံတကာသတင်း
By Mr John

   

နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အမေရိကန်အစိုးရသက်တမ်းဝက် ရွေးကောက်ပွဲ၏ နိုဝင်ဘာလ (၁၃) ရက် နေ့လယ်ပိုင်းအထိ နောက်ဆုံးသိရှိရသော မဲရလဒ်များအရ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော် Senate အမတ်နေရာအများစု အနိုင်ရပြီး ဆက်လက် ထိန်းချုပ်ထားနိုင်လိမ့်မည်ဟု သိရသည်။ 

အဓိကကျသည့် နီဗားဒါးပြည်နယ်တွင် အနိုင်ရခဲ့ပြီးနောက် ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်ကို ဆက်လက် ထိန်းချုပ်ထားနိုင်တော့မည်ဟု ဆိုသည်။

နီဗားဒါးပြည်နယ်တွင် ဒီမိုကရက်တစ်အမတ် Catherine Cortez Masto က ရီပတ်ဘလစ်ကင်မှ ပြိုင်ဘက် Adam Laxalt ကို အနိုင်ရရှိမည်ဟု ခန့်မှန်းထားသည်။ 

ထိုရလဒ်အရ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်တွင် အမတ်နေရာ (၅၀) ရရှိပြီး ရီပတ်ဘလစ်ကင်ပါတီကမူ လက်ရှိအချိန်ထိ အမတ်နေရာ (၄၉) နေရာ ရရှိထားသည်။ 

ဂျော်ဂျီယာပြည်နယ်မှ အထက်လွှတ်တော် ရွေးကောက်ပွဲရလဒ်ကိုမူ စောင့်ဆိုင်းနေရဆဲဖြစ်ပြီး မည်သည့် ကိုယ်စားလှယ်လောင်းကမှ မဲအများစုဖြင့် အနိုင်မရခဲ့ရာ လာမည့် ဒီဇင်ဘာလ (၆) ရက်တွင် ရွေးကောက်ပွဲ ထပ်မံပြုလုပ်သွားမည်ဟု ဆိုသည်။

ထိုအတောအတွင်း အောက်လွှတ်တော် House of Representatives တွင် ရီပတ်ဘလစ်ကင်ပါတီက အမတ်နေရာအများစု အနိုင်ရပြီး ပြန်လည်ထိန်းချုပ်လာနိုင်ရန် နီးစပ်သည့်အခြေအနေရှိနေကြောင်း သိရသည်။ 

နိုဝင်ဘာလ (၁၃) ရက် နေ့လယ်ပိုင်းအထိ ရလဒ်များအရ အောက်လွှတ်တော်တွင် ရီပတ်ဘလစ်ကင်က အမတ်နေရာ (၂၁၁) နေရာ အနိုင်ရထားပြီး ဒီမိုကရက်တစ်က (၂၀၄) နေရာ ရရှိထားသည်။

ပြီးခဲ့သည့် (၂) နှစ်တွင် အမေရိကန်ကွန်ဂရက်လွှတ်တော်၏ လွှတ်တော်နှစ်ရပ်လုံးဖြစ်သည့် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ကို ဒီမိုကရက်တစ်တို့က ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ 

လွှတ်တော်တစ်ရပ်တွင် ရှုံးနိမ့်ပြီး ထိန်းချုပ်မှု ဆုံးရှုံးခြင်းက ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန်၏ လုပ်ငန်းအစီအစဥ်များကို နှောင့်နှေးစေမည် ဖြစ်သည်။

Source: BBC, CNN