ကုလသမဂ္ဂအကြီးအကဲ ရောက်ရှိနေသည့် ယူကရိန်းမြို့တော်ကို ရုရှားတိုက်ခိုက်၊ ကုလသမဂ္ဂကို လှောင်ပြောင်အရှက်ခွဲခြင်းဟု ဇီလန်းစကီးပြော

Photo: Efrem Lukatsky/AP
Photo: Efrem Lukatsky/AP
ကုလသမဂ္ဂအကြီးအကဲ ရောက်ရှိနေသည့် ယူကရိန်းမြို့တော်ကို ရုရှားတိုက်ခိုက်၊ ကုလသမဂ္ဂကို လှောင်ပြောင်အရှက်ခွဲခြင်းဟု ဇီလန်းစကီးပြော
By Mr John

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ် ရောက်ရှိနေသည့် ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်ကို ဧပြီ (၂၈) ရက်တွင် ရုရှားက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဂူတာရတ်စ်က ကိဗ်မြို့တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးနှင့် တွေ့ဆုံခဲ့သည်။

ရုရှားက ကိဗ်မြို့အပြင် ယူကရိန်းနိုင်ငံတဝန်းရှိ Fastiv နှင့် Odesa အပါအဝင် အခြား မြို့များကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။



ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရောက်ရှိနေစဥ် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိဗ်မြို့တွင် ဒဏ်ရာရသူများရှိခဲ့ကြောင်းလည်း သိရသည်။

ဧပြီ (၂၈) ရက် ညနေပိုင်းတွင် ရုရှားက ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုံးကျည်တစ်စင်းက (၂၅) ထပ်ရှိ အဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ပြီး လူ (၁၀) ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူတွေက ပြောဆိုထားသလို ကိဗ်မြို့လယ်ပိုင်းရှိ Shevchenko ခရိုင်တွင် ပေါက်ကွဲမှုများဖြစ်ခဲ့ကြောင်း မြို့တော်ဝန် Vitali Klitschko က ဆိုသည်။



ယူကရိန်းသမ္မတဇီလန်းစကီးက ယခုတိုက်ခိုက်မှု ရှုတ်ချလိုက်ပြီး "ရုရှားရဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် သဘောထားအမှန်အကြောင်း အများကြီး ပြောနေတယ်" ဟု ပြောဆိုလိုက်သည်။

ထို့အပြင် ရုရှားက ကုလသမဂ္ဂနှင့် ၎င်းကိုယ်စားပြုသည့် အရာအားလုံးကို လှောင်ပြောင်အရှက်ခွဲလိုက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂအနေဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်မှုလိုအပ်ကြောင်းလည်း သမ္မတဇီလန်းစကီးက ဆိုသည်။



ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရတ်စ်က ၎င်း၏ ယူကရိန်းခရီးစဥ်အတွင်း Borodyanka နယ်မြေရှိ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းနေရာများနှင့် ကိဗ်နယ်မြေကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် စစ်ပွဲကို တားဆီးရန် သို့မဟုတ် အဆုံးသတ်ရန် ပျက်ကွက်ခဲ့ကြောင်းနှင့် အလွန်စိတ်ပျက်စရာ ဒေါသထွက်စရာဖြစ်ကြောင်း ဂူတာရတ်စ်က ယူကရိန်းခရီးစဥ်တွင် ဝန်ခံပြောကြားခဲ့သည်။

 

Source: BBC, Reuters 

Photo: REUTERS/Zohra Bensemra, Efrem Lukatsky/AP