ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော၊ ဒီမိုကရေစီ အနာဂတ်ကို ရယူလိုသည့် မြန်မာပြည်သူများနှင့်အတူ ကနေဒါ ရပ်တည်ကြောင်းထုတ်ပြန်

ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော၊ ဒီမိုကရေစီ အနာဂတ်ကို ရယူလိုသည့် မြန်မာပြည်သူများနှင့်အတူ ကနေဒါ ရပ်တည်ကြောင်းထုတ်ပြန်
ဇူလိုင် 1, 2021 | နိုင်ငံတကာသတင်း

ကနေဒါနိုင်ငံအနေဖြင့်  ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော၊ ဒီမိုကရေစီ အနာဂတ်ကို ရယူလိုသော ဆန္ဒရှိသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိသည်ဟု ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် ကျရောက်သည့် ကနေဒါနေ့တွင် ရန်ကုန်အခြေစိုက် ကနေဒါသံရုံးက သတင်းထုတ်ပြန်သည်။

ကမ္ဘာတစ်ဝန်းမှ ကနေဒါနိုင်ငံသားများက ကနေဒါနေ့ကို အတူတကွ ကျင်းပကြသည့် အချိန်တွင် မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံများတွင် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကာကွယ်ရန် လုပ်ဆောင်နေကြသူများကိုလည်း မေ့ဖျောက်ထားမည် မဟုတ်ပါ

ဟု သံရုံးထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ကနေဒါနေ့ဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်ခဲ့သည့် (၇) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်၌ လူ့အခွင့်အရေး မြှင့်တင်ခြင်းသည် ကနေဒါနိုင်ငံ၏ နိုင်ငံတကာ မူဝါဒများနှင့် ဆက်ဆံရေးများတွင် အဓိကကျသည့် အချက်တစ်ခုဖြစ်ပြီး ထိခိုက်လွယ်သူများ၏ လိုအပ်ချက်များကို ဆက်လက်၍ ဖြည့်ဆည်းပေးသွားမည့်အပြင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို ထောက်ပံ့ရန် ကနေဒါက မိတ်ဖက်များနှင့်အတူ လက်တွဲလုပ်ဆောင်သွားမည်ဟု ဖေါ်ပြထားသည်။