တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း နှင့် အာခါဈေးအနီးတွင် ရဲနှင့်စစ်သားပေါင်းပြီး လမ်းသွား လမ်းလာများကို စစ်ဆေးနေ

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း နှင့် အာခါဈေးအနီးတွင် ရဲနှင့်စစ်သားပေါင်းပြီး လမ်းသွား လမ်းလာများကို စစ်ဆေးနေ
ဇွန် 18, 2021 | ရှမ်းရှေ့

 တာချီလိတ်မြို့၊ ရန်အောင်မြေ(ပါလျှံ)ရပ်ကွက် နှင့် အာခါဈေးမီးပွိုင့်အနီးတို့တွင် ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၁၈)ရက်နေ့ ည(၈)နာရီ အချိန်က စ၍ စစ်တပ်နှင့်ရဲက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်အတွင်း CCTV တပ်ဆင်ထားသည့် ရန်အောင်မြေစာသင်ကျောင်း နှင့်  ဘုရားကျောင်းလမ်းဆုံအကွေ့တွင် စစ်တပ်နှင့်ရဲက စစ်ဆေးနေခြင်း ဖြစ်သည်။

ခါတိုင်း ဒီလမ်းကနေ ပြန်နေကြပဲ သူတို့မရှိဘူး။ ဒီနေ့မှရှိတာ လမ်းကွေ့လိုက်တာနဲ့ စစ်သားတွေနဲ့ရဲတွေကို တွေ့တော့ ရုတ်တရက် လန့်သွားတာပဲ။ ဆိုင်ကယ်ဖင်ထိုင်ခုံအောက်ကို စစ်တယ်။ ည(၈)နာရီ နောက်ပိုင်းဆိုရင် အလုပ်ကပဲဖြစ်ဖြစ် အပြင်ထွက်ရင် သတိထားမှ ရမယ်။ ခုက မထင်ထားတဲ့နေရာတွေပါ စစ်နေတာ

ဟု ရန်အောင်မြေရပ်ကွက်တွင်းနေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ည(၈)နာရီခွဲအချိန်တွင် ပြောသည်။

အလားတူပင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အပိုင်း အာခါဈေးမီးပွိုင့်အနီးတွင် မြို့တွင်းမှ လာသူများကို စစ်တပ်နှင့် ရဲက စစ်ဆေးနေကြောင်း နှင့် စစ်ချင်သည်များကိုသာ စစ်နေခြင်း ဖြစ်ကြောင်း သိရသည်။

နှစ်ဖက်လုံးအပြည့်။ စစ်ချင်တဲ့ ကားကိုစစ်တယ်။ မစစ်ချင်တဲ့ကားကို မစစ်ဘူး။ အကုန်စစ်တာတော့မဟုတ်ဘူး။ စစ်သားများတယ်။ ရဲတော့ နှစ်ယောက်ပဲတွေ့တယ်။ ခဏကတော့ ဟိုက်ဂျက်ကားကို လူတွေအကုန်ဆင်းခိုင်းတာတော့ တွေ့လိုက်တယ်

ဟု ဝိန်းကျောက်ရပ်ကွက်အတွင်းနေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ညပိုင်းများ၌ ရဲနှင့်စစ်သားပေါင်းပြီး ယခင်က မစစ်ဆေးဘူးသည့် နေရာများတွင် စစ်ဆေးနေလျှက်ရှိပြီး ဖုန်းများကိုလည်း ယူစစ်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း စစ်ဆေးတွေ့ရှိရပါက ဖမ်းဆီးမှုများ ပြုလုပ်သည်ဟု သိရသည်။

တာချီလိတ်ဆေးရုံဟောင်း နှင့် အထက(တာချီလိတ်)ကျောင်းရှေ့တွင်မူ အရပ်ဝတ်များဖြင့် ညနေကတည်းက ကင်းစောင့်ပြီး စောင့်ကြည့်နေလေ့ရှိကြောင်း သိရသည်။