ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က အင်အားသုံးတိုက်ခိုက်ခံရမှုကြောင့် ဘေးကင်းရာရှောင်နေရသည့် ဒေသခံများအား ပူးပေါင်းကူညီမှုအား အရေးပေါ်အကောင်အထည်ဖေါ်ရန် မင်းတပ်ဒေသခံပြည်သူလူထု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင်များနှင့် CRPH ဥက္ကဌတို့ ၂၀၂၁ ခုနှစ် မေလ (၁၆) ရက်နေ့တွင် ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
နေရပ်စွန့်ခွာထွက်ပြေးနေကြရသူများ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနှင့် လူသားခြင်းစာနာမှု အကူအညီပေးရေး ကိစ္စရပ်မအတွက် မေလ (၁၆) ရက်နေ့ မွန်းလွဲပိုင်းတွင် မင်းတပ်ဒေသခံပြည်သူလူထု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင်များနှင့် CRPH ဥက္ကဌနှင့် အဖွဲ့ဝင်များတွေ့ဆုံဆွေးနွေးပြီးနောက် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းရှာဖွေကြသည်ဟု သိရသည်။
မင်းတပ်ဒေသခံများ လတ်တလောတွေ့ကြုံနေရသည့် ပြသနာများအတွက် လက်တွေ့ကျသောပူးပေါင်းကူညီမှုများနှင့် အရေးပေါ်အကောင်အထည်ဖော်ရန်နည်းလမ်းများ၊ ချိတ်ဆက်ဆောင်ရွက်မည့် အစီအစဉ်များဖော်ထုတ်နိုင်ခဲ့ကြသည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံမှ သိရသည်။
မင်းတပ်မြို့တွင် ဧပြီလ (၂၃) ရက်နေ့က ဆန္ဒဖေါ်ထုတ်၍ ဖမ်းခံရသည့် ပြည်သူများအား ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ အာဏာသိမ်းကောင်စီ၏ စစ်တပ်နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ကြား ဧပြီ (၂၄) ရက်၊ (၂၆) ရက်နှင့် (၂၇)ရက်နေ့များတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ညှိနှိုင်းကြသော်လည်း မပြေလည်သဖြင့် မေလ (၁၂) ရက်နေ့မှ မေလ (၁၅) ရက်နေ့အထိ ထပ်မံ၍ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တူမီးသေနတ်ဖြင့် ခုခံနေသည့် ဒေသခံများအား အာဏာသိမ်းစစ်ကောင်စီ၏တပ်က အင်အားအများအပြားသုံးပြီး လက်နက်ကြီး၊ လေကြောင်းအကူတို့ပါသုံး၍ တိုက်ခိုက်ခဲ့သည့်အပြင် ဖမ်းဆီးရမိသည့် အရပ်သားများကို ရှေ့မှအကာအကွယ်အဖြစ်သုံးကာ မြို့တွင်းဝင်လာသဖြင့် ခုခံနေသည့်တပ်ဖွဲ့က မေလ (၁၆) ရက်နေ့တွင် ဆုတ်ခွာပေးခဲ့ကြောင်း မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းထုတ်ပြန်ရေးက သတင်းထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက မြို့တွင်းဝင်လာချိန်တွင် လူငယ်အမျိုးသားများအား ဖမ်းဆီးခြင်းများရှိသဖြင့် ဘေးလွတ်ရာတိမ်းရှောင်နေကြရကြောင်း သိရသည်။
Photo: CJ