ညီနောင်မဟာမိတ် (၃)ဖွဲ့က တစ်ဖက်သတ်အပစ်ရပ် တစ်လထပ်တိုး

ညီနောင်မဟာမိတ် (၃)ဖွဲ့က တစ်ဖက်သတ်အပစ်ရပ် တစ်လထပ်တိုး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ကိုးကန့် (MNFJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့် ရခိုင်(ULA/AA) တို့က ၂၀၂၁ ခုနှစ် မတ်လ (၁) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာသည်။



အဆိုပါ ညီနောင်မဟာမိတ် (၃)ဖွဲ့က တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့မှစ၍ တစ်ဖက်သတ်အပစ်ရပ်ကြေညာထားခဲ့ပြီး လက်ရှိတွင်လည်း တစ်လထပ်တိုးသည်ဟု ကြေညာထားခြင်းဖြစ်သည်။



စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့က အပစ်ရပ်သက်တမ်း ထပ်တိုးလိုက်ကြောင်း ကြေညာထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ရှမ်းပြည်နယ်မှ RCSS ၊ ကရင်ပြည်နယ်မှ KNU၊ ကချင်ပြည်နယ်မှ KIA နှင့် ကယားပြည်နယ်မှ KNPLF၊ KNLP ၊ KNPP ၊ KNPDP၊ KNSO တို့က လက်ရှိနိုင်ငံတွင်း စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်းဆန္ဒထုတ်ဖေါ်နေသည့် ပြည်သူလူထုအား အကြမ်းဖက်ဖြိုခွင်းခြင်းများ မလုပ်ရန်နှင့် ပြည်သူများနှင့်အတူ ရပ်တည်သည်ဟု ကြေညာထားကြခြင်းဖြစ်သည်။

 

Tachileik News Agency