ခေတ်မီတိုးတက်သည့်ကမ္ဘာတွင် အာဏာသိမ်းမှုအတွက် နေရာမရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့၌ ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားသွားသည်။
မြန်မာစစ်တပ်ဖိနှိပ်မှုများကို ချက်ချင်း ရပ်တန့်ရန် ကျွန်ုပ် ယနေ့ တောင်းဆိုပါသည်။ ဖမ်းဆီးထိန်းသိမ်းထားသူများအား လွှတ်ပေးပါ။ အကြမ်းဖက်မှုများကို အဆုံးသတ်ပေးပါ။ လူ့အခွင့်အရေးများနှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဖော်ပြခဲ့သည့် ပြည်သူတို့၏ ဆန္ဒကို လေးစားပါ။ ကျွန်ုပ်တို့ ခေတ်မီတိုးတက်သည့်ကမ္ဘာတွင် အာဏာသိမ်းမှုများအတွက် နေရာမရှိပါ။ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ကျွန်ုပ်ကြိုဆိုပါသည်။ သင်တို့၏တောင်းဆိုမှုများကို ဖြည့်ဆည်းပေးရန် ကတိပြုပါသည်။ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော မြန်မာနိုင်ငံ ပြည်သူပြည်သားများအား ကျွန်ုပ် အပြည့်အဝ ထောက်ခံအားပေးပါသည်။
ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေး၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရတ်က ပြောကြားလိုက်သည်။
နိုင်ငံတော်အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ အနှစ်သာရကို ယုတ်လျော့စေခြင်း၊ ရက်စက်စွာ အင်အားသုံးခြင်း၊ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းများနှင့် ဖိနှိပ်မှုမျိုးစုံလုပ်ဆောင်နေမှုများကို တွေ့မြင်နေရသည့်အပြင် ပြည်သူလူထု၏ လှုပ်ရှားဆောင်ရွက်နိုင်ခွင့်များကို ကန့်သတ်ချုပ်ချယ်မှုများ၊ အရပ်ဘက် ပြည်သူ များအား တိုက်ခိုက်မှုများ၊ ရိုဟင်ဂျာလူမျိုးစုများအား မျိုးတုန်းသတ်ဖြတ်မှုဟု အမှန်အကန်ခေါ်ဆိုခဲ့သည်ချိုးဖောက်မှုအပါအဝင် လူနည်းစုများအား တာဝန်ခံမှုမရှိ ပြင်းထန်သည့် ချိုးဖောက်မှုများ စသည့် ကျူးလွန်ချိုးဖောက်မှုများစွာ ဆက်လက်ရှိနေသည်ဟု ကုလအတွင်းရေးမှူးချုပ်က ထောက်ပြသွားသည်။
Tachileik News Agency