စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖေါ်ပွဲကို ရန်ကုန်တွင် သိန်းနှင့်ချီသည့် လူထုက ပါဝင်လုပ်ဆောင်နေ

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖေါ်ပွဲကို ရန်ကုန်တွင် သိန်းနှင့်ချီသည့် လူထုက ပါဝင်လုပ်ဆောင်နေ
ဖေဖော်ဝါရီ 7, 2021 | နိုင်ငံရေး
By Tachileik News Agency

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇) ရက်နေ့၌ လုပ်ဆောင်နေကြပြီး လှည်းတန်းနှင့် ဆူးလေတစ်ဝိုက်ကို စုရပ်အဖြစ် လာရောက်ပူးပေါင်းနေကြကြောင်း သိရသည်။



လှည်းတန်းနဲ့ ဆူးလေဘုရားဘက်မှာ ဆန္ဒပြတဲ့သူတွေ စုလာကြတယ်။ လှည်းတန်းမှာ လူဦးရေက လေးငါးသောင်းလောက်ရှိတယ်။ မြို့တော်ခန်းမရှေ့မှာ သိန်းဂဏန်းလောက်ရှိတယ်။ မဟာဗန္ဓုလပန်းခြံနဲ့ မြို့တော်ခန်းမရှေ့ကို ရဲတွေက ပိတ်ထားလိုက်ပြီ။ လမ်းတလျှောက်မှာလည်း ကြိုကြား ကြိုကြား ချီတက်လာကြတာရှိတယ်။ အဓိကကတော့ ဆူးလေနဲ့ လှည်းတန်းကို လာပေါင်းကြတဲ့သူတွေပေါ့

ဟု ရန်ကုန်ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



စစ်အာဏာရှင်စနစ်ကို လက်မခံသည့် လူထုက ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် အင်အားအများအပြားဖြင့် ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖေါ်မှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။



မနက် (၉)နာရီခွဲလောက်ကတည်းက  အကုန်လုံးစပြီး ဆူးလေကို ချီတက်တာတွေ လုပ်ကြတယ်။ လူငယ်နဲ့ လူလတ်ပိုင်းက အများစုပဲ။ လူတွေက သောင်းနဲ့ချီပြီးရှိတယ်။ ကားတွေကလည်း ဟွန်းတွေတီး၊ အိမ်တွေကလည်း လမ်းတွေမှာထွက်ပြီး အကုန်အားပေးကြတယ်။ လမ်းထဲက လူတွေက ဖြတ်သွားတဲ့လူတွေကို အားပေးတယ်

ဟု ရန်ကုန်ဒေသခံတစ်ဦးက ပြောသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီးနောက် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် လူထုက နေအိမ်များမှ သံပုံးတီး၍နှင်ထုတ်ခြင်း၊ ပြည်သူ့ဝန်ထမ်းများက အာဏာရှင်စနစ်လက်အောက်တွင် အလုပ်တာဝန်ဆက်လက်မလုပ်ကြောင်း Civil Disobedience Campaign လုပ်ဆောင်၍ ဆန္ဒထုတ်ဖေါ်ခြင်းများကို လုပ်ဆောင်နေကြရာမှ လမ်းပေါ်ထွက်၍ ဆန္ဒထုတ်ဖေါ်ခြင်းကို ဖေဖေါ်ဝါရီလ (၆) ရက်နေ့မှစ၍ လုပ်ဆောင်လာကြခြင်းဖြစ်သည်။

Tachileik News Agency