ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း သီပေါမြို့မှာ စစ်ရှုံးသွားတဲ့ စစ်ကောင်စီတပ်က လက်ကျန် တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် စုစုပေါင်း (၃၀၀)ဝန်းကျင်ကို ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့ရဲ့ ညနေပိုင်းမှာ ကားကြီးတွေနဲ့ တင်ဆောင်ပြီး မြို့ကနေ စစ်ရှုံးထွက်ခွာသွားတာကို အခုလို တွေ့ရပါတယ်။
သီပေါမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA က (၂)လ နီးပါးကြာ တိုက်ခိုက်ပြီးနောက် သီပေါမြို့နယ်အတွင်းမှာ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီရဲ့ အမှတ်(၂၃)ခြေမြန်တပ်ရင်းဌာနချုပ်ကိုလည်း လက်လွှတ် လိုက်ရတဲ့အတွက် သူတို့တွေ အခုလို ဆုတ်ခွါထွက်ပြေးကြရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်များ တပ်ဆုတ်သွားပြီးနောက် သီပေါမြို့အရှေ့ဘက် ဝမ်ဂျိုင်းအနီးနားတဝိုက်ရှိ မီးရထားလိုင်းကို လေယာဉ်နှင့် လာရောက်ဗုံးကြဲပြီး လက်နက်ကြီးများနှင့်ပါ ပစ်ခတ်ခြင်းများရှိသဖြင့် နေအိမ်နှင့် စာသင်ကျောင်းများ၊ ဘုရား ကျောင်းများ ပျက်စီးသွားကြောင်း သိရပါတယ်။
စစ်ရေးသတင်းအရင်းအမြစ်ရဲ့ ပြောဆိုချက်အရ သီပေါမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် စစ်သုံ့ပန်းများနဲ့ မိသားစုဝင် (၁၀၀) ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး TNLA က သိမ်းပိုက်လိုက်တဲ့ ခလရ(၂၃)တပ်ကိုလည်း စစ်ကောင်စီဘက်က လေကြောင်းမှ လာရောက်တိုက်ခိုက်သွားပါတယ်။
အောက်တိုဘာ 14, 2024