တာချီလိတ်မြို့တွင် ရွှံ့နွံသယ်ဆောင်သည့် ကားများပေါ်က ရွှံ့များ လမ်းတလျှောက် ပြုတ်ကျ

 မြန်မာ - ထိုင်းနယ်စပ်ဒေသအတွင်း တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှုကြောင့် တင်ကျန်ခဲ့တဲ့ ရွှံ့နွံတွေကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့အထိ ရှင်းလင်းနေဆဲဖြစ်ပြီး အဲ့လို ရှင်းလင်းပြီးသား ရွှံနွံတွေကို ကားနဲ့သယ်ဆောင်လာတဲ့အခါမှာ တာချီလိတ်မြို့တွင်းကနေ မြို့အပြင်ထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် လမ်းပေါ်မှာ ပြုတ်ကျ ကျန်ခဲ့တာတွေကြောင့် ဆိုင်ကယ်တွေ စလစ်ဖြစ်ပြီး တိမ်းမှောက်ကာ ဒဏ်ရာရလို့ ဆေးရုံ ဆေးခန်းအထိ ရောက်ကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပုဂ္ဂလိက ဆေးရုံနဲ့ ဆေးခန်းအချို့မှာတော့ တာချီလိတ်မြို့တွင်း အဲ့ဒီလိုတွေကြောင့် ဆိုင်ကယ်တိမ်းမှောက်ကာ  ဒဏ်ရာရရှိပြီး လာရောက်သူတွေထဲမှာ ကလေးနဲ့ လူကြီးတွေပါတယ်လို့ ဆိုပါတယ်။

ရွံ့နွံတွေကို သယ်ဆောင်တဲ့အခါမှာ ကားပေါ်မှာ အောက်ခင်းနဲ့ ဘေးနဲ့နောက်ကာတွေကို မိုးကာလိုမျိုးအသုံးပြုရင် ပိုအဆင်ပြေနိုင်တယ်လို့လည်း တချို့က အကြံပြု ပြောဆိုနေကြပါတယ်။

တာချီလိတ်မြို့မှာ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကစပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီးနောက် ရေများကျသွားတဲ့အခါမှာ တင်ကျန်ခဲ့တဲ့ ရွှံ့နွံတွေကို ရှင်းလင်းနေကြရခြင်း ဖြစ်ပါတယ်။