ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သည့် ရုပ်သံထုတ်ပြန်

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ဒေသခံများ၏နေအိမ်များတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သည့် ရုပ်သံကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)က ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် ဖော်ပြသည်။ 

ဒေသခံများ၏နေအိမ်များတွင် အင်အား(၇၀)ဝန်းကျင်ဖြင့် တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖက်မှ (၁၀)ဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် (၈)ဦးခန့် ဒဏ်ရာရသည်ဟု ၎င်းတို့၏ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)၊ ADin Hmue – Dawei (ထားဝယ်-ပကဖ)နှင့် ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ - DGRF (ထားဝယ်-ပကဖ) ပူးပေါင်းပါဝင်သော သာဂရစစ်ကြောင်း၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YYPDF)၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ (၁)နှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ခွဲ (၂) တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Tavoy People Liberation Force - TPLF