နိုင်ငံတော်သံဃာမဟာနာယက အဖွဲ့ဝင်၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော်ကြီး စီးလားသည့်ကားကို စစ်ကောင်စီတပ်သားများက ပစ်ခတ်ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေ ပါရှိသည့် ဆရာတော်က ၂၀၂၄ခုနှစ် ဇွန်လ(၂၀)ရက်နေ့ ညနေ(၃)နာရီတွင် ထုတ်ဖော် မိန့်ကြားသည့် ရုပ်သံ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာသည်။
ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး အရှင်မုနိန္ဒာဘိဝံသမှာ စစ်ကောင်စီတပ်ဖွဲ့များက ဖောကားပေါ်မှ ဝိုင်းဝန်းပစ်ခတ်ကြခြင်းဖြစ်ပြီး ကားကိုကျည်(၇)ချက်ထိမှန်သည်ဟု အဆိုပါ ဆရာတော်က ထုတ်ဖော် မိန့်ကြားလာသည်။
“တပည့်တော်တို့ ကားဆရာကလည်း အတင်းမောင်းတာပါပဲ။ အဲ့ဒီလို အတင်းမောင်းတဲ့အခါ ဖောကားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပစ်ပါတယ်။ ကားမှာ (၇)ချက် (၈)ချက်လောက် မှန်ပါတယ်။ အဲဒီလို ပစ်တဲ့အခါမှာ တံခါးဖွင့်ပြီး အပြင်ထွက် လိုက်ပါတယ်။ သင်္ကန်းမှာ သွေးတွေပေနေပါတယ်။ အဲဒီလို သွေးတွေ ပေနေတဲ့အခါ ကားထဲကြည့် တဲ့အခါ ဝင်းနိမ္မိကာရုံဆရာတော်ကတော့ ခေါင်းငိုက်စိုက်ကျပြီးတော့ အသက် မရှိတော့ပါဘူး။ ဝိုင်းပြီးတော့ ဖောကားပေါ်က ပစ်တာ။ ဝင်းနိမ္မိကာရုံဆရာတော်ကတော့ တစ်ဘဝတစ်ခန္ဓာ ရုတ်သိမ်းသွားပါတယ်ဘုရား။ တပည့်တော်ကတော့ ခေါင်းရယ်၊ ကားရဲ့ မှန်စ ထိပါတယ်ဘုရား။ တပည့်တော်အပြင်ဘက် ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေကို ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်၊ စစ်သားတွေ၊ ရက်စက်လှချည်လားဆိုတော့ ဘုန်းကြီးမှန်း မသိလို့ပါတဲ့။ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရားတဲ့။ သူ တို့ ကိုယ်တိုင် ဝန်ခံပါတယ်။"ဟု မျက်မြင်သက်သေ ပါရှိသည့် ဆရာတော်က မိန့်ကြားထားကို ရုပ်သံတွင် ကြည့်ရှုရသည်။
"ဖြစ်တာက နံနက်(၁၀) နာရီခွဲ ကျော်ကျော်က ဖြစ်ပါတယ်။ (၄)နာရီ၊ (၅)နာရီကျမှ သူတို့က ဒီဆရာတော်တွေဟာ သာမည ဆရာတော်တွေ မဟုတ်ဘူး။ ရွှေကျင်ဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင် ဆရာတော်တွေ ဖြစ်တယ်ဆိုပြီးတော့ အဲ့ဒီကျမှ သူတို့က ပြာပြာသလဲနဲ့ ဘုန်းကြီးတို့ကား နားကပ်လာပါတယ်။ အဲဒီကျမှ သူတို့လုပ်စရာရှိတာတွေလုပ် တံတားဦးထိအောင် တပည့်တော်တို့ ကားနဲ့လိုက်ပို့ပါမယ် ဘုရား။ အရှင်ဘုရားကားကို။ ကိစ္စမရှိဘူး ဒကာကြီးတို့ ဘုန်းကြီးတို့ မန္တလေးမှာ အကုန်စီစဉ်ပြီးသား။ မန္တလေးက ဗဟိုဌာနက ဆရာတော်တွေကလည်း အကုန်လုံး ပူနေပါတယ်။ မန္တလေးက ကုသိုလ်တောကားနဲ့ ဘုန်းကြီးတို့ စီစဉ်ပါတယ်။ အဲံသလို ဘုန်းကြီးတို့မှာ ဒုက္ခအမျိုးမျိုးရောက် ရပါတယ်။ ဘုန်းကြီးတော့ ဒုက္ခကို ဒုက္ခမှန်းမသိဘူး။ အလွန်အင်မတန်မှ စာတော်တဲ့၊ သာသနာမှာ အင်မတန်မှ အားကိုးရတဲ့ ဝင်းနိမ္မိကာရုံ ဆရာတော်အတွက် ဆုံးရှုံးရတဲ့အတွက် ယူကြုံးမရဖြစ်ရပါတယ်။”ဟု ဆရာတော်က မိန့်သည်။
ဆရာတော်သည် ၂၀၂၄ခုနှစ် ဇွန်လ(၁၉)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုင်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့်အတူ မန္တလေးမြို့ ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေ ကျင်နိကာယဗဟိုဌာန)တွင် ယနေ့ပြုလုပ်မည့် အစည်းအဝေးအတွက် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွခဲ့သည်။
ထို့နောက် ကန်သုံးဆင့်ဆရာတော်၏ ဇာတိ ငါန်းဇွန်မြို့နယ်သို့ သွားရောက်ရာ မြို့သာနှင့် ပန်းချီကမ္မကျေး ရွာကြား၌ စစ်ကောင်စီကင်းနှင့်တွေ့ပြီး ကားကို ရပ်တန့်ခိုင်းရာ မှန်မချဘဲ ဆက်မောင်းခဲ့၍ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
ဆရာတော်မှာ သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် ပျံလွန်တော်မူသွားပြီး ယာဉ်မောင်းလည်း ဒဏ်ရာရသည်ဟု ဆိုသည်။
စစ်ကောင်စီဘက်ကမူ စစ်ကောင်စီကင်းကားကို PDF တပ်များက မိုင်းဆွဲတိုက်ခိုက်ချိန်၌ သကျင်ရွာဘက်မှ မြို့သာမြို့ဘက်သို့ ပစ်ခတ်မှုဖြစ်ပွားနေသည့်နေရာအတွင်းကို ယာဉ်တစ်စီး မောင်းနှင်ဝင်ရောက်လာရာ PDF တပ်ဖွဲ့များက ပစ်ခတ်၍ မီတာ(၂၅၀)ခန့်တွင် လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားသည်ဟု ယမန်နေ့ညပိုင်းက ထုတ်ပြန်သည်။
ယာဉ်ပေါ်၌ ဦးခေါင်းနှောက်စေ့တော်၌ လက်နက်ငယ်ထိမှန် ဒဏ်ရာရရှိပြီး ပျံလွန်တော်မူခဲ့သည့် ပဲခူးတိုင်း ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ မဟန(ငြိမ်း)နှင့် မှန်ကွဲစဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန (ငြိမ်း) ဖြစ်ကြောင်းနှင့် ယာဉ်မောင်း ဦးကျော်ဝင်းမှာ ဝဲဘက်လက်၌ လက်နက်ငယ် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီဘက်ကဆိုသည်။
ထို့နောက် ပျံလွန်တော်မူခဲ့သည့် ဆရာတော်၏ ရုပ်ကလာပ်တော်နှင့် ဒဏ်ရာရရှိထားသော ဆရာတော်နှင့် ယာဉ်မောင်းတို့အား မန္တလေးမြို့၊ တံတားဦးပြည်သူ့ဆေးရုံမှ တဆင့် နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ဆရာတော်ကြီးသည် သဂြိုဟ်ရှင်းတမ်း၊ ရူပသိဒ္ဓိရှင်းတမ်း စသည့် ရှင်းတမ်းကျမ်းများ ပြုစုခဲ့ကြောင်း သိရသည်။