ထီးလင်းမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စု၏ စစ်ကြောင်းကို ( ၂ )ရက်အတွင်း ( ၅ )ကြိမ် တိုက်ခိုက်

 မကွေးတိုင်း ထီးလင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းကို (၂)ရက်အတွင်း (၅)ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဂန့်ဂေါခရိုင် Yaw Revolution Army-ထီးလင်းက ထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများ တင်ဆောင်လာပြီး ဂန့်ဂေါလမ်းပိုင်းသို့ ထွက်ခွာလာသည့် ကားအစီးရေ (၃၂)စီးပါ စစ်ယာဉ်တန်းကို  ပထမအကြိမ် လုံခြုံရေးယူပေးရန် မနက်ပိုင်းကတည်းက ကြိုထွက်လာသော ထီးလင်းစစ်ကြောင်းမှ အင်အား (၅၅) ဦးပါ ရှေ့ပွိုင့်သည်  ထီးလင်း-ပုဏ္ဏားကြားရှိ မိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာသဖြင့် မတ်လ (၁၅)ရက် နံနက်(၉)နာရီ (၁၅)မိနစ် အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် ထီးလင်းမြို့နယ် ထွေအုပ်ရုံးမှ light truck ကားနှစ်စီး လာရောက်၍ သေဆုံး၊ဒဏ်ရာရများအား အပြည့်တင်ဆောင်ကာ ထီးလင်းမြို့သို့ ပြန်ဝင်သွားကြသည်ဟု သိရသည်။ 

ထို့နေ နေ့လည်(၁)နာရီအချိန်တွင်  ရှေ့ပြေးထပ်ထွက်လာသော စစ်အုပ်စုတပ်သား (၄၀)ခန့် မန်ကျည်းပင်စခန်း၌ အရိပ်ခိုအနားယူရန် စုစည်းရောက်ရှိနေကြစဥ် အသင့်ပြင်ဆင်ထားသော မိုင်းများအား ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ (၂၀)ဦးခန့် ပွဲချင်းပြီး သေဆုံးပြီး ခြေပြတ် လက်ပြတ်များ အပါအဝင် ကျန်သူများအားလုံးဒဏ်ရာရရှိသွားသဖြင့် နာရီအတော်ကြာ အလောင်းသယ်၊လူနာရွှေ့ လုပ်နေကြ​ရကြောင်း မျက်မြင်စောင့်ကြည့်ခဲ့သူ  YRA-ထီးလင်း၏ မိုင်းတာဝန်ခံ ဗိုလ်လင်းဘကြီးက ပြောသည်။ 

သေဆုံးအလောင်းများအား ရွှေခုံတိုင်ကျေးရွာရှိ အိမ်များပေါ် တင်၍ မီးရှို့ခဲ့ကြောင်း သိရသည်။

ညနေ (၄)နာရီ မိနစ်(၂၀)အချိန်တွင် ရွှေခုံတိုင်ကျေးရွာအား မီးရှို့လျှက်ရှိသော စစ်အုပ်စုတပ်သားများထဲမှ (၁၀)ဦးကျော် ပါသော တပ်စိတ်တစ်စိတ်သည် ရွှေခုံတိုင်ကျေးရွာ၏မြောက်ဘက်သို့ ကင်းပတ်ထွက်လာကြစဥ် အသင့်စောင့်ဆိုင်းနေသော ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းအထိနာမှုကြောင့် ကားတန်းရှေ့ဆက်မသွားနိုင်ဘဲ ရွှေခုံတိုင်ကျေးရွာတွင် ညအိပ်ရပ်နားခဲ့ကြသည်ဟု ဆိုသည်။

မတ်လ (၁၆)ရက်နေ့ ညနေ (၃)နာရီ မိနစ်(၄၀)အချိန်တွင် အထိနာထားသော စစ်ကြောင်းသည်  (၂၄)နာရီခန့် အနားယူပြီးနောက် မရဲတရဲဖြင့် ရှေ့ဆက်တိုးလာကြရာ ရွှေခုံတိုင်ကျေးရွာမြောက်ဖက် ဇီးတောလမ်းခွဲအနီးတွင် ခေတ္တခဏ ရပ်နားပြီး  မိုင်းကျွမ်းကျင် အင်ဂျင်နီယာနှစ်ဦးမှ မိုင်းတစ်လုံးအားဖြုတ်ရန် ကြိုးစားနေစဥ် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် အဆိုပါ မိုင်းကျွမ်းကျင် အင်ဂျင်နီယာ နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားကြကြောင်း အဆိုပါတိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့သူ ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်း၏ မိုင်းတာဝန်ခံ ဗိုလ်လင်းဘကြီး၏ မျက်မြင်ပြောဆိုချက်အရ သိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ညနေ (၄)နာရီ မိနစ်(၄၀)မိနစ်အချိန်တွင်လည်း စစ်ကောင်စီတပ်၏ ကားတန်းတွင် အင်အား(၁၀)ဦးခန့်ပါ တပ်စိတ်တစ်စိတ်မှ ရှေ့ပွိုင့်အဖြစ် လုံခြုံရေးယူရန် ထွက်လာစဥ် ထိန်တိုင်းကျေးရွာ၏ မြောက်ဘက် ရေရှင်ကျေးရွာလမ်းခွဲ ဇရပ်အနီး အရောက်တွင် အသင့်စောင့်ဆိုင်းနေသော ပူးပေါင်းတပ်ဖွဲ့မှ လက်ဦးမှု ရယူတိုက်ခိုက်ခဲ့ရာ အဆိုပါ တပ်စိတ်မှ (၇)ဦးခန့် အတုံးအရုံးလဲကျသေဆုံးပြီး (၃)ဦးခန့်သာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း နှင့် ပစ်အား မလုံလောက်မှုကြောင့် တပ်စိတ်တစ်စိတ်လုံး အပြုတ်တိုက်၍ လက်နက်သိမ်းဆည်းခဲ့ခြင်းမျိုး မပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းရဲဘော်များက ပြောသည်။ 

အဆိုပါ ကားတန်းသည် (၂၂) လတာ ကာလအတွင်းတွင် ထီးလင်းမြို့နယ်ကို ပထမဆုံးအကြိမ် ဖြတ်သန်းလာသော ကားတန်းဖြစ်ပြီး ထီးလင်းမြို့သို့ ရောက်ရှိချိန်မှစ၍  (၃)ရက်တာကာလ အတွင်းတွင် (၁၈)မိုင်ခန့်သာ ခရီးတွင်ထားပြီး သေဆုံး (၄၀)ကျော်နှင့် ဒဏ်ရာရသူ (၃၀)ကျော်ခန့်ရှိသည်ဟု ဆိုသည်။ 

သေဆုံးထိခိုက်မှုများနှင့် ပတ်သက်ပြီး Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုများကို ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်း၏ သခင်ဇော်မှ ကွပ်ကဲ၍ ဂန့်ဂေါခရိုင်တပ်ရင်း(18)-YNRF၊ ယောကာကွယ်ရေးတပ်-YDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဂန့်ဂေါခရိုင်တပ်ရင်း(18)-YNRF နှင့် မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA)မှ လက်နက်ကြီးပ စ်ကူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ထီးလင်း-ဂန့်ဂေါလမ်းမကြီးအား အသုံးမပြုကြရန်နှင့် လမ်းဘေးဝဲယာရှိ ကျေးရွာများမှလည်း ပြင်ဆင်ထားသင့်သည်များ ကြိုတင်ပြင်ဆင်သိမ်းဆည်းထားကြပါရန် Yaw Revolution Army-ထီးလင်းက သတိပေးထားသည်။

 

ရုပ်သံ - Yaw Revolution Army-ထီးလင်း