အာဏာသိမ်း စစ်အုပ်စု၏ ထိကပလယ် ခြေကုပ် စခန်းကို ပူးပေါင်းမဟာမိတ်အဖွဲ့များက တိုက်ခိုက် 

 

ကရင်ပြည်နယ်၊ ဝေါ်လေမြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်အုပ်စု ၏ ထိကပလယ်ခြေကုတ်စခန်းကို ပူးပေါင်းမဟာမိတ်တပ်များက တိုက်ခိုက်နေကြောင်း VENOM စစ်ကြောင်းက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းစစ်အုပ်စု၏ တပ်စခန်းကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့က စတင်ကာ ကော်သူးလေတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings၊ ဆင်ဖြူစစ်ကြောင်း၊ Tiger စစ်ကြောင်း၊ Freedom Fighter စစ်ကြောင်း၊ KNLA (၁၀၃) တပ်ရင်း၊ KNDO တို့ နှင့်အတူ VENOM စစ်ကြောင်းတို့က တိုက်ခိုက်ခဲ့ ကြခြင်းဖြစ်သည်။

စစ်အုပ်စုတပ်စခန်းကို Federal Wings Drone တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မဟာမိတ်ပူးပေါင်းစစ်ကြောင်းများက ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နေ့လည်ပိုင်းတွင် စစ်အုပ်စုတပ်စခန်း၏ ဘန်ကာအနီးသို့ ချဥ်းကပ်နိုင်ခဲ့ပြီး ညနေပိုင်းတွင် စစ်အုပ်စုဘက်က ရဟတ်ယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီးနောက် ညပိုင်းတွင် တိုက်လေယာဉ်တစ်စီးဖြင့် လာရောက် ဗုံးကြဲခဲ့ရာ ထိကပလယ်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင်  Federal Wings Drone တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်ကလည်း ရဟတ်ယာဉ်တစ်စီးဖြင့် (၃)ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁၁)ရက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်အုပ်စုဘက်မှ စစ်ကူလာရောက်သည့် စစ်ကြောင်းကို လမ်းမှ ဖြတ်၍ ပူးပေါင်းအဖွဲ့များမှ မိုင်းဖြင့်တားဆီးတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးသူရှိခဲ့သည်ဟု သိရသည်။

ဒါ့အပြင် Federal Wings Drone တပ်ဖွဲ့က ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်မှ ပူးပေါင်းမဟာမိတ်အဖွဲ့များကလည်း တိုက်ခိုက်ခဲ့ရာ ညနေပိုင်းတွင် စစ်အုပ်စုတပ်စခန်း၏ အဆောက်အဦးတချို့နှင့် ဘန်ကာတချို့ကို ဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

ယင်းနေ့ ညနေပိုင်းတွင် စစ်အုပ်စုဘက်က ရဟတ်ယာဉ်တစ်စီးထပ်မံ  လာရောက်ပစ်ခတ်ခဲ့ပြီး စစ်အုပ်စု၏ ထိကပလယ် ခြေကုပ် စခန်းကို ပူးပေါင်းမဟာမိတ်အဖွဲ့များက ဆက်လက်တိုက်ခိုက်နေ ကြောင်း သိရသည်။

#TachileikNewsAgency

Video: VENOM စစ်ကြောင်း