အင်ဒိုနီးရှားနိုင်ငံတွင် တရုတ်အထောက်အပံ့ဖြင့် လုပ်ကိုင်နေသည့် နီကယ်စက်ရုံတစ်ရုံတွင် ဆန္ဒပြမှုအတွင်း အဓိကရုဏ်းဖြစ်ပွားရာ တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် စက်ရုံအလုပ်သမား (၂) ဦး သေဆုံးသွားကြောင်း အစိုးရတာဝန်ရှိသူများက ဇန်နဝါရီလ (၁၆) ရက်တွင် သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ (၁၄) ရက် ညနေပိုင်းမှစ၍ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းပေါ်ရှိ PT Gunbuster Nickel Industry (GNI) ကုမ္ပဏီပိုင် နီကယ်စက်ရုံတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
GNI မှာ တရုတ်နိုင်ငံရှိ Jiangsu Delong Nickel Industry ၏ အင်ဒိုနီးရှားကုမ္ပဏီခွဲတစ်ခု ဖြစ်ပြီး အင်ဒိုနီးရှား၏ သတ္တုထုတ်လုပ်ရေး အဓိကနေရာတစ်ခုဖြစ်သည့် ဆူလာဝေစီကျွန်းတွင် နီကယ်စက်ရုံတည်ဆောက်လုပ်ကိုင်နေခြင်း ဖြစ်သည်။
အဆိုပါစက်ရုံတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း အသက် (၃၀) နှစ်အရွယ် တရုတ်အလုပ်သမားနှင့် အင်ဒိုနီးရှားအလုပ်သမားတို့ သေဆုံးခဲ့ကြောင်း Central Sulawesi ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောထားသော်လည်း သေဆုံးရသည့် အကြောင်းရင်းကို ပြောကြားထားခြင်းမရှိကြောင်း သိရသည်။
တရုတ်အစိုးရက ၎င်း၏နိုင်ငံသား သေဆုံးမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဥပဒေနှင့်အညီ သင့်လျော်စွာ ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ ပြောခွင့်ရအမျိုးသမီး Wang Wenbin က ဇန်နဝါရီလ (၁၆) ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ဂျကာမြို့ရှိ တရုတ်သံရုံးကမူ နီကယ်စက်ရုံဖြစ်ရပ်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် မေးမြန်းမှုကို တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း AFP က ဖော်ပြသည်။
တရုတ်နီကယ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ပြည်တွင်းအလုပ်သမားများက လုပ်ငန်းခွင်အခြေအနေများနှင့် လုပ်ခလစာကိစ္စကို မကျေနပ်၍ တစ်ရက်ကြာ ဆန္ဒပြခဲ့ကြရာမှ လုံခြုံရေးအရာရှိများနှင့် ထိပ်တိုက်တွေ့ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စက်ရုံအလုပ်သမားများက စက်ရုံအဆောက်အအုံအတွင်း ဝင်ရောက်ရန်ကြိုးပမ်းပြီး စက်ယန္တရားကြီးများနှင့် ကားများကို မီးရှို့ခဲ့စဥ် လုံခြုံရေးအရာရှိများနှင့် ထိပ်တိုက်တွေ့ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Supranoto က ပြောသည်။
နီကယ်စက်ရုံ အဓိကရုဏ်းတွင် အနည်းဆုံး လူ (၇၁) ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် (၁၇) ဦးကို အပျက်အစီးဖြစ်စေမှုဖြင့် သံသယရှိထားကြောင်း Supranoto က နောက်ပိုင်းတွင် ထုတ်ပြန်ချက်တစ်ခု၌ ပြောထားသည်။
GNI ကမူ ယခုဖြစ်ရပ်က ကုမ္ပဏီအတွက်သာမက ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းကိုပါ ထိခိုက်သက်ရောက်ခြင်းကြောင့် ပရမ်းပတာအခြေအနေဖြင့် အဆုံးသတ်သွားသည့် ဆန္ဒပြမှုနှင့် ပတ်သက်၍ အလေးအနက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။
ကုမ္ပဏီနှင့် ရဲတပ်ဖွဲ့က ဆန္ဒပြုမှုနှင့် လူသေဆုံးမှုကို စုံစမ်းစစ်ဆေးနေသည်ဟုလည်း ဆိုသည်။
ယခု အဓိကရုဏ်း ဖြစ်ပွားခဲ့သည့် နီကယ်စက်ရုံကို ၂၀၂၁ ခုနှစ်တွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး နှစ်စဥ် နီကယ်သတ္တု တန်ချိန် (၁.၈) သန်း ထုတ်လုပ်နေခြင်းဖြစ်ကာ ယခုအခါ စက်ရုံလည်ပတ်မှုကို ရပ်ဆိုင်းထားသည်။
အင်ဒိုနီးရှားနိုင်ငံက လျှပ်စစ်ကားဘက်ထရီများအတွက် ကမ္ဘာ့ထုတ်လုပ်ရေး အချက်အချက်ဖြစ်လာရန် ရည်မှန်ထားရာ ဆူလာဝေစီကျွန်းပေါ်ရှိ နီကယ်သတ္တုသိုက်များကို တရုတ်နှင့် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းအချို့က စိတ်ဝင်စားနေကြခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံ အခြေစိုက် လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla ကလည်း အင်ဒိုနီးရှားတွင် လျှပ်စစ်ကားနှင့် ကားဘက်ထရီထုတ်လုပ်ရေး စက်ရုံများတည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးညှိနှိုင်းနေကြောင်း သိရသည်။
Source: AFP
Vidoe: CJ