ဂျော်ဒန်နိုင်ငံ၏ ပင်လယ်နီဆိပ်ကမ်း Aqaba တွင် အဆိပ်သင့်စေသည့် ကလိုရင်းဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ (၁၃) ဦး သေဆုံးခဲ့ပြီး နောက်ထပ် လူ (၂၆၀) ကျော် အဆိပ်သင့်ဝေဒနာ ဖြစ်ပေါ်ခဲ့ကြောင်း အစိုးရသတင်းဌာနက ပြောသည်။
အာဏာပိုင်များ၏ အဆိုအရ ဇွန်လ (၂၇) ရက်နေ့ ဒေသစံတော်ချိန် ညနေ (၃) နာရီ (၁၅) မိနစ်အချိန်က ကလိုရင်း (chlorine) ပါဝင်သည့် ဓာတုပစ္စည်းကွန်တိန်နာတစ်လုံးကို သယ်ယူနေစဥ် ကရိန်းချို့ယွင်းမှုကြောင့် ပြုတ်ကျခဲ့ကြောင်း သိရသည်။
Twitter တွင် တင်ထားသည့် CCTV မှတ်တမ်းအတွင်း ကလိုရင်းကွန်တိန်နာကို ကရိန်းဖြင့် ချိတ်ဆွဲကာမြှောက်တင်ထားလျက် သယ်ဆောင်နေစဥ် ရုတ်တရက် သင်္ဘောတစ်စီးပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ပေါက်ကွဲသွားကြောင်း တွေ့ရသည်။
ထို့နောက် တောက်ပသည့် အဝါရောင်ဓာတ်ငွေ့များ ထုထည်ကြီးမားစွာဖြင့် မြေပြင်တစ်လျှောက် ပျံ့နှံ့သွားခဲ့ပြီး လူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေခဲ့ကြသည်။
ဂျော်ဒန်အစိုးရသတင်းဌာနက ဇွန်လ (၂၇) ရက် ညပိုင်းတွင် သတင်းဖော်ပြမှုအရ ထိုဖြစ်ရပ်အတွင်း အဆိပ်သင့် ဓာတုပစ္စည်းနှင့် ထိတွေ့ခဲ့မှုအတွက် လူ (၁၂၃) ဦးကို ဆေးရုံတွင် ကုသပေးနေဆဲဖြစ်ကြောင်း သိရသည်။
၎င်းတို့အနက် အချို့မှာ စိုးရိမ်ရသည့် အခြေအနေဟု ဆိုသည်။
ကလိုရင်းမှာ စက်မှုလုပ်ငန်းသုံးနှင့် နေအိမ်သန့်ရှင်းရေး ထုတ်ကုန်များတွင် ထည့်သွင်းအသုံးပြုသည့် ဓာတုဗေဒပစ္စည်းတစ်မျိုး ဖြစ်သည်။
၎င်းမှာ ပုံမှန်အပူချိန်နှင့် ဖိအားအခြေအနေတွင် စိမ်းဝါရောင်ဓာတ်ငွေ့ ဖြစ်သော်လည်း သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းအတွက် ဖိအားပေးပြီး အအေးခံထားရသည်။
ကလိုရင်းဓာတ်ငွေ့ကို ရှူရှိုက်မိ၊ မျိုချမိ သို့မဟုတ် အရေပြားနှင့် ထိတွေ့မိချိန်တွင် ထိုဓာတ်ငွေ့က ရေနှင့်ဓာတ်ပြုပြီး ခန္ဓာကိုယ်တွင်း ဆဲလ်များကို ပျက်စီးစေသည့် အက်ဆစ်ထုတ်လုပ်ကြောင်း သိရသည်။
ကလိုရင်းဓာတ်ငွေ့ အများအပြား ရှူရှိုက်မိပါက အဆုတ်ထဲတွင် အရည်များစုပုံလာပြီး အသက်အန္တရာယ်ရှိသည့် အခြေအနေဖြစ်ကာ pulmonary oedema ဟု ခေါ်ဆိုကြသည်။
ဆိပ်ကမ်းတွင် ကလိုရင်းဓာတ်ငွေ့ ယိုစိမ့်ထွက်မှု ဖြစ်ပွားခဲ့ပြီးနောက် မြောက်ဘက် (၁၀) မိုင်အကွာရှိ Aqaba မြို့ရှိ မြို့ခံများကို နေအိမ်အတွင်း တံခါများပိတ်ပြီး နေကြရန် အာဏာပိုင်တွေက အကြံပြုထားသည်။
ထို့အတူ Aqaba ဆိပ်ကမ်းနှင့် (၄) မိုင်ကျော်မျှသာ ကွာဝေးပြီး ကမ္ဘာလှည့်ခရီးသည် လာရောက်လည်ပတ်မှုများသည့် တောင်ပိုင်းကမ်းခြေတွင်လည်း ကြိုတင်ကာကွယ်မှုအဖြစ် ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း AFP သတင်းက ဖော်ပြသည်။
ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် နာရီအတန်ကြာတွင် ဂျော်ဒန်အစိုးရအဖွဲ့၏ မီဒီယာရေးရာဝန်ကြီး Faisal Shboul က Aqaba မြို့နှင့် မြို့ခံများအတွက် အန္တရာယ်မရှိတော့ကြောင်း ကြေညာခဲ့သည်။
ကလိုရင်းဓာတ်ငွေ့ ယိုစိမ့်ထွက်ခဲ့သည့် ဆိပ်ကမ်းနေရာသို့ လိုအပ်သည့် ရှင်းလင်းရေးလုပ်ဆောင်ရန် ကျွမ်းကျင်အဖွဲ့များ စေလွှတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးဌာနက ပြောသည်။
ဂျော်ဒန်ဝန်ကြီးချုပ် Bisher al-Khasawneh က Aqaba မြို့သို့ သွားရောက်ခဲ့ပြီး ဆေးရုံတစ်ရုံတွင် ကုသမှုခံယူနေသူအချို့နှင့် တွေ့ဆုံခဲ့သည်။
Aqaba ဆိပ်ကမ်းတွင် ကရိန်းဖြင့်သယ်ဆောင်စဥ် ပြုတ်ကျခဲ့သည့် ကိန်တိန်နာအတွင်း ကလိုရင်း တန်ချိန် (၂၅) တန်နှင့် (၃၀) ကြား ပါဝင်ကြောင်းနှင့် အရှေ့အာဖရိကရှိ ဂျီဘူတီနိုင်ငံသို့ ပို့ဆောင်ရန်ဖြစ်ကြောင်း သိရသည်။
Source: BBC