တရုတ်နိုင်ငံတွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် ကွန်မြူနစ်ပါတီညီလာခံ၏ ပိတ်ပွဲအခမ်းအနားကနေ သမ္မတဟောင်းဟူဂျင်တောင် (Hu Jintao) ကို ခေါ်ထုတ်သွားခဲ့သည့် ဖြစ်ရပ်မှာ လူအများ စိတ်ဝင်စားစရာနှင့် ပဟေဠိတစ်ခု ဖြစ်ခဲ့သည်။
ယခုအခါ စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနက ရယူခဲ့သည့် ဗီဒီယိုမှတ်တမ်းအရ ကွန်မြူနစ်ပါတီညီလာခံတွင် သမ္မတဟောင်းဟူဂျင်တောင် ဘာဖြစ်ခဲ့သည်မှာ ပို၍ မြင်တွေ့ရပြီး ပိုမိုနက်နဲသည့် ပဟေဠိဖြစ်လာသည်။
ထိုမှတ်တမ်းဗီဒီယိုတွင် ဟူဂျင်တောင်၏ ဘက်ဖက်တွင် ထိုင်နေသည့် ယခု ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်းဖြစ်သူ Li Zhanshu က စာရွက်စာတမ်းဖိုင်ကို ဆွဲယူလိုက်ပြီး သမ္မတဟောင်းကို စကားပြောနေသည်ကို တွေ့ရသည်။
ထို့နောက် ဟူဂျင်တောင်၏ ညာဖက်တွင်ထိုင်နေသည့် သမ္မတရှီကျင်ဖျင်က အမျိုးသားတစ်ဦးကို တစ်စုံတစ်ခု ညွှန်ကြားခဲ့သည်။
နောက်ပိုင်းတွင် ထိုအမျိုးသားက သမ္မတဟောင်းဟူဂျင်တောင်ကို နေရာမှထွက်ခွာရန် ဖျောင်းဖျပြောဆိုနေသည်ကိုလည်း တွေ့ရသည်။
ထိုအမျိုးသားက စာရွက်စာတမ်းဖိုင်ကို ကိုင်ဆောင်ထားပြီး ၎င်းနှင့်အတူလိုက်ခဲ့ရန် ခေါင်ဆောင်နေရာ ဟူဂျင်တောင်က ကနဦးတွင် ငြင်းဆန်နေပုံရသည့် အမူအရာကို မြင်ရသည်။
နောက်ဆုံးတွင် သမ္မတဟောင်းဟူဂျင်တောင်က ထိုအမျိုးသားနှင့်အတူ လိုက်ပါသွားခဲ့သည်။
ထိုသို့ လိုက်ပါသွားစဥ် ဟူဂျင်တောင်က သမ္မတရှီကျင့်ဖျင်ကို တစ်စုံတစ်ခု ပြောခဲ့ပြီး ရှီက ခေါင်းညိတ်ပြသည်ကိုလည်း CNA ၏ မှတ်တမ်းဗီဒီယိုတွင် တွေ့ရသည်။
မျှော်လင့်မထားသည့် ယခုဖြစ်ရပ်အပေါ် ထင်ကြေးပေး ခန့်မှန်းမှုများ မြင့်တက်လာခဲ့သည်။
အချို့က ထိုဖြစ်ရပ်မှာ ရှီကျင့်ဖျင်က ဟူဂျင်တောင်ခေတ်ကုန်သွားပြီဆိုခြင်းကို ပြသရန် တမင်ဖန်တီးခြင်းဟု ပြောဆိုကြပြီး အချို့ကမူ သမ္မတဟောင်းဟူဂျင်တောင်၏ ကျန်းမာရေးကြောင့်ဟု ဆိုသည်။
တရုတ်အစိုးရသတင်းဌာန Xinhua က သမ္မတဟောင်းဟူဂျင်တောင် နေမကောင်းဖြစ်မှုကြောင့် ညီလာခံပိတ်ပွဲအခမ်းအနားကနေ ခေါ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း Twitter တွင် ပြောထားသော်လည်း ၎င်း၏ ပြည်တွင်းသတင်းအဖြစ် မဖော်ပြခဲ့ပေ။
Twitter ကို တရုတ်နိုင်ငံတွင် ပိတ်ပင်ထားသည်။
တရုတ်နိုင်ငံတွင် အကြိမ် (၂၀) မြောက် ကွန်မြူနစ်ပါတီညီလာခံကို အောက်တိုဘာလ (၁၆) ရက်မှ (၂၂) ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး သမ္မတရှီကျင့်ဖျင်က တတိယသမ္မတသက်တမ်း ဆက်လက် အာဏာရရှိခဲ့သည်။
ရှီကျင့်ဖျင်က သမိုင်းတွင်သည့် သမ္မတသက်တမ်းကို ဆက်လက်ရယူနိုင်ခဲ့မှုနှင့်အတူ မော်စီတုန်းနောက်ပိုင်း တရုတ်နိုင်ငံ၏ ဩဇာအရှိဆုံးခေါင်းဆောင် ဖြစ်လာပြီး အကန့်အသတ်မရှိ သမ္မတလုပ်ရန်လည်း လမ်းပွင့်သွားခဲ့သည်။
တရုတ်သမ္မတတစ်ဦးအနေဖြင့် သက်တမ်း (၂) ကြိမ်သာ ဆောင်ရွက်ခွင့်ပြုထားသည့် ကန့်သတ်ချက်ကို ၂၀၁၈ ခုနှစ်တွင် ရှီကျင့်ဖျင်က ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
သမ္မတရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌအဖြစ်လည်း ဆက်လက် ရွေးချယ်ခံခဲ့ရသည်။
ရှီကျင့်ဖျင်က တရုတ်နိုင်ငံကို ၎င်းနှင့်အတူ နောက် (၅) နှစ်ကြာ အုပ်ချုပ်သွားမည့် ပေါ်လစ်ဗျူရိုအဖွဲ့သစ်ကို ၎င်းအား သစ္စာခံသူများဖြင့် ဖွဲ့စည်းခဲ့သည်။ ပေါ်လစ်ဗျူရိုအဖွဲ့သစ်တွင် ရှီကျင့်ဖျင်အပါအဝင် စုစုပေါင်း အဖွဲ့ဝင် (၇) ဦးပါဝင်သည်။
Source: CNA, BBC
Video: CNA