မြန်မာစစ်လေယာဥ် ထိုင်းလေပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်မှုကြောင့် ထိုင်းဘက်က F-16 တိုက်လေယာဥ် စေလွှတ်ခဲ့ပြီး ထိုင်းဘက်က သတိပေး

By Mr John

 မြန်မာစစ်လေယာဥ်တစ်စီး ထိုင်းနိုင်ငံ၏ လေပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ ထိုင်းလေတပ်က နယ်စပ်အနီးသို့ တိုက်လေယာဥ်များ အရေးတကြီး စေလွှတ်ခဲ့ကြောင်းနှင့် စစ်သံမှူးကိုလည်း အာဏာသိမ်း မြန်မာစစ်အုပ်စုအား သတိပေးစာထုတ်ရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။ 

ယခုဖြစ်ရပ်ကို တိုက်ပွဲစစ်ဆင်ရေးတစ်ခုအတွင်း လေပိုင်နက်ချိုးဖောက်မှုအဖြစ် ထိုင်းဘက်က ဆိုသည်။

ထိုင်းတော်ဝင်လေတပ်၏ ထုတ်ပြန်ချက်

သတိပေးမှုတွင် မြန်မာစစ်တပ်၏ စစ်လေယာဉ်အနေဖြင့် မည်သည့်အကြောင်းကြောင်းကြောင့်မဆို ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်ခွင့်မရှိကြောင်း နှင့် နောက်နောင်တွင် ယခုလို အဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားရန်အတွက် သတိထားရန်နှင့် တော်ဝင်လေတပ်အနေဖြင့် ယခုလို ဖြစ်စဉ်မျိုး ထပ်မဖြစ်အောင်လည်း အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်သလို ပြည်သူများအတွက် အချုပ်အခြာအာဏာ နှင့် လုံခြုံရေးကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

 

ဇွန်လ (၃၀) ရက် နံနက်ပိုင်းက မြန်မာနယ်စပ်အနီး ထိုင်းလေပိုင်နက်အတွင်း စစ်လေယာဥ်တစ်စီး ဝင်ရောက်လာကြောင်း ရေဒါတွင် ထောက်လှမ်းသိရှိရပြီးနောက် F-16 တိုက်လေယာဥ် (၂) စီးကို နယ်စပ်ဒေသသို့ စေလွှတ်ခဲ့ကြောင်း ထိုင်းလေတပ် ပြောခွင့်ရပုဂ္ဂိုလ် Prapat Sonjaidee က ပြောသည်။ 

"Tak ပြည်နယ် Phop Phra ခရိုင်ပေါ်မှာ လေယာဥ်တစ်စီး လေပိုင်နက်ချိုးဖောက် ဝင်ရောက်လာတယ်။ အဲဒီနယ်စပ်တစ်လျှောက်မှာက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေဖြစ်နေကြတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်အရပ်ရှိ အာဏာသိမ်းစစ်အုပ်စု၏ ဥကရိထစခန်းတိုက်ပွဲမှာ (၄) ရက်မြောက်နေ့အဖြစ် ဇွန်လ (၃၀) ရက်နေ့ကလည်း ဆက်လက် ပြင်းထန်နေခဲ့စဥ် စစ်အုပ်စု၏ တိုက်လေယာဥ်တစ်စီးက ထိုင်းနိုင်ငံ လေပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်လာသဖြင့် ထိုင်းဒေသခံများ ကြောက်လန့်တကြားဖြစ်ခဲ့ကြရပြီး စာသင်ကျောင်း (၂) ကျောင်းကို ပိတ်ခဲ့ရသည်။

မြန်မာတိုက်လေယာဥ်က ထိုင်းလေပိုင်နက်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စု၏ ပြောခွင့်ရပုဂ္ဂိုလ်ထံမှ မှတ်ချက်ပေး ပြောကြားမှုကို မရရှိနိုင်သေးကြောင်း Reuters သတင်းက ဖော်ပြသည်။

 ထိုတိုက်ပွဲစတင်ဖြစ်ပွားချိန်မှစပြီး ထောင်နှင့်ချီသည့် မြန်မာစစ်ဘေးရှောင်များမှာလည်း ထိုင်းနိုင်ငံဘက်ခြမ်း ဖိုဖတ်မြို့နယ်အတွင်းရှိ နယ်စပ်တလျှောက်တွင် တိမ်းရှောင်နေကြရသည်။ 

မြန်မာစစ်တပ်မှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် ၎င်းတို့ကို လက်နက်ကိုင်တော်လှန်နေသည့် PDF များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေခဲ့သည်။

Source: Reuters



( ဖော်ပြပါ ဗီဒီယိုမှတ်တမ်းမှာ မြန်မာအာဏာသိမ်းစစ်တပ်၏ လေတပ်မှ ကျူးကျော်လာသည်ကို ထိုင်းနိုင်ငံဘက်က မှတ်တမ်းတင်ထားသည့် ဗီဒီယိုမှတ်တမ်းဖြစ်သည်။ )