မဲဆောက်တွင် ကုန်စိမ်းကားအတွင်း ပုန်းပြီးလိုက်လာတဲ့ မြန်မာနိုင်ငံသား (၅၃)ဦး ဖမ်းခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ ထိုင်းနိုင်ငံ မဲဆောက်မှာ ကုန်စိမ်းကားအတွင်း ဝှက်ပြီး သယ်ဆောင်လာတဲ့ မြန်မာလုပ်သား (၅၃)ဦးကို ထိုင်းရဲတပ်ဖွဲ့က ၂၀၂၂ မတ်လ(၁၄)ရက်နေ့ နံနက်အစောပိုင်းမှာ ဖမ်းမိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဆေးရေးဂိတ်မှာ ကုန်စိမ်းကားတစ်စီးကို စစ်ဆေးရာကနေ ကားအတွင်းထဲမှာ ဝှက်ပြီး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး (၂၂)ဦး နဲ့ အမျိုးသား(၃၁)ဦးကို ဖမ်းမိခြင်းဖြစ်ပြီး အခုလိုသွားနိုင်ဖို့အတွက်ကို တစ်ဦးကို ပွဲစားခအနေနဲ့ ဘယ်လောက်ပေးရတယ်ဆိုတာ မသိရပေမဲ့ ကားသမားကတော့ အခုလို ကားမောင်းပို့ခအဖြစ် ပွဲစားထံကနေ ဘတ်(၃၀၀၀၀)ရတယ်လို့ ဆိုပါတယ်။

အခုလို ရာသီဥတုပူပြင်းတဲ့ ကာလမှာ ကုန်စိမ်းကားအတွင်း ပုန်းပြီး လိုက်လာရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများရဲ့ အခြေအနေဟာ အသက်ရှုမွန်းကြပ်ထားတဲ့ အခြေအနေလည်းတွေ့ရပြီး သူတို့ကို မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းထားရှိပြီးတော့ နေရပ်ပြန်ပို့မယ်လို့ သိရပါတယ်။

#TachileikNewsAgency