အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့က မင်းတပ်မြို့ကို လက်နက်ကြီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေ

ချင်းပြည်နယ် (တောင်ပိုင်း) မင်းတပ်မြို့မှ ဖမ်းဆီးထားသူအားလုံးမလွှတ်၍ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ပြည်သူများကြား ညှိနှိုင်းမှု ပျက်ပြယ်သွားသည့် ၂၀၂၁ ခုနှစ် မေလ (၁၂) ရက်နေ့ ညပိုင်းမှစ၍ မင်းတပ်အား တိုက်ခိုက်နေသည့် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က မေလ (၁၃) ရက်နေ့တွင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။ 

အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့များဖြစ်သည့် စစ်တပ်နှင့်ရဲက ဖမ်းထားသည့် ပြည်သူ (၅) ဦးအားလွတ်ပေးမည်ဟု ညှိနှိုင်းလာသဖြင့် ပြည်သူများက မြို့တွင်းကင်းပုန်းများ ဖယ်ပေးခြင်း၊ စစ်ကြောင်းသွားခွင့်ပေးများ ပြုလုပ်ပေးထားသော်လည်း အာဏာသိမ်းအဖွဲ့ဘက်က ဖမ်းထားသူများမှ တစ်ဦးကို လွှတ်မပေးဘဲချန်ထားသဖြင့် မေလ (၁၂) ရက်နေ့ ညပိုင်းတွင် ဆွေးနွေးမှု ပျက်ပြယ်သွားကာ ပြန်လည်တိုက်ခိုက်နေကြခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်က မေလ (၁၃) ရက်နေ့ နံနက်ပိုင်းကတည်းက ကျောက်ထုမြို့မှ လက်နက်အကြီး၊ အမြောက်ကျည်ဆံများဖြင့် မင်းတပ်မြို့သို့ ပစ်ခတ်နေသဖြင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁) ဦး ကျဆုံးကာ (၄) ဦးဒဏ်ရာရရှိထားသည်ဟု ခေါနုသုမ်မီဒီယာဂရုက မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအား ကိုးကားဖေါ်ပြထားသည်။

 

အာဏာသိမ်းအဖွဲ့၏ စစ်တပ်မှ စစ်ကား (၁၇) စီး၊ စစ်သား (၂၀၀) ကျော်ကို မြို့တွင်းဖြတ်ခွင့်ပေးမှသာ ဖမ်းဆီးခံပြည်သူ (၅) ဦးမှ (၄) ဦးလွှတ်ပေးမည်ဟု  ညှိနှိုင်းလာခြင်းအား မင်းတပ်ပြည်သူများက လက်မခံကြောင်း မေလ (၁၂) ရက်နေ့တွင် အကြောင်းပြန်ခဲ့သည်ဟု MDTပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။