ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၆
သြဂုတ် 25, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၆ ခုနှစ်မှစ၍ ကျင်းပခြင်းမရှိတော့သည့် မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် အားကစားနည်း (၁၁)မျိုးဖြင့်  ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တခွင် တာချီလိတ်မြို့ အားကစားပွဲတော် ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲဝင်လိုသူများ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် ၂၀၁၅ ခုနှစ်က အစိုးရဘတ်ဂျက်ဖြင့် အားကစားနည်း (၄)မျိုးပါဝင်သည့် မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို နောက်ဆုံးကျင်းပခဲ့ပြီး နောင်နှစ်များတွင် ကျင်းပနိုင်ခဲ့ခြင်းမရှိသဖြင့် ၂၀၁၉ ခုနှစ်တွင် မြို့နယ်အားကာ၏ ဘတ်ဂျက်၊ အားကစားနည်း (၃)မျိုးမှ အသင်းဝင်ကြေးနှင့် မြို့လူထုပါဝင်ကူညီမှုဖြင့် အားကစားနည်း (၁၁)မျိုးပါဝင်သည့် အားကစားပွဲတော် ကျင်းပရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဒီပွဲတော်အတွက် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းဆီကလည်း ခွင့်ပြုချက်ရထားတယ်။ သူကိုယ်တိုင်လည်း တက်ရောက် ဖွင့်လှစ်ပေးမှာပါ။ လောလောဆယ်တော့ မြို့နယ်အားကာဘတ်ဂျက်က ကျပ်သိန်း (၂၀)လောက် ရှိပါတယ်။ အဲဒါရယ် တစ်ချို့ပြိုင်ပွဲတွေက အသင်းဝင်ကြေးရှိမယ်။ U 21 ဘောလုံးပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲနဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲတွေက အသင်းဝင်ကြေးရှိပါမယ်။ အဲဒီဝင်ကြေးရယ် နောက်မြို့က အလှူခံမယ့် ရရှိလာမယ့် ငွေကြေးနဲ့ လုပ်ပါမယ်။ ပွဲတစ်ခုလုံးဆိုရင် သိန်း (၁၂၀)လောက် ကုန်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာချီလိတ် မြို့နယ်အားကစားမှူး ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အားကစားပွဲတော်တွင်ပါဝင်မည့် အားကစားနည်း (၁၁)မျိုးတွင် ကျောင်းအခြေပြု အားကစားပြိုင်ပွဲများမှလွဲ၍ ကျန်အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူများ စာရင်းပေးသွင်းနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
“ကျောင်းအခြေပြုပွဲတွေကတော့ မြို့နယ်ပညာရေးမှူးကနေတစ်ဆင့် စာရင်းရောက်ပါမယ်။ ကျန်တဲ့ ကလပ်အသင်းတွေအပါအဝင် အလွတ်တန်းတွေကတော့ ကျွန်တော်တို့ဆီကို စာရင်းပေးရပါမယ်”ဟု တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောင်းအခြေပြုအားကစားပြိုင်ပွဲများဖြစ်သည့် အသက် (၁၆)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ကျောင်းပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ၊ ကျောင်းအခြေပြု မီနီမာရသွန်နှင့် ကျောင်းအခြေပြု အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများ ပါဝင်ပြီး အသင်းဝင်ကြေးပေးရမည့် အားကစားပြိုင်ပွဲ (၃)မျိုးဖြစ်သည့် အသက် (၂၁) နှစ်အောက် ရပ်ကွက်ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ဖူဆယ် ကလပ်ပေါင်းစုံပြိုင်ပွဲနှင့် အလွတ်တန်းပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်း (၃)ယောက်တွဲ၊ (၄)ယောက်တွဲ ကလပ်ပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်သည်။
ယင်းအပြင် အသက်(၂၀)နှစ်အောက် စစ်တုရင်ပြိုင်ပွဲ၊ ကြက်တောင် အမျိုးသား၊ အမျိုးသမီး အသက် (၅၀)အထက်၊ အလွတ်တန်းနှင့် အသက်(၂၀) အောက်ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ် အမျိုးသား၊ အမျိုးသမီး အလွတ်တန်းပြိုင်ပွဲ၊ ဘော်လီဘော အမျိုးသား၊ အမျိုးသမီးကလပ်ပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲများအတွက် စာရင်းပေးသွင်းလိုသူများအနေဖြင့် ဘောလုံး၊ဖူဆယ်၊စားပွဲတင်တင်းနစ် ပြိုင်ပွဲများအတွက် မြို့နယ်အားကာ ဖုန်း ၀၉ ၄၂၈ ၂၁၁ ၉၆၉၊ ၀၉ ၄၀၂ ၆၂၅ ၂၆၃ သို့လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ အတွက် ဖုန်း ၀၉ ၇၈၇ ၆၄၈ ၈၀၆ သို့လည်းကောင်း၊ ဘောလီဘောပြိုင်ပွဲများအတွက် ဖုန်း ၀၉ ၅၂၄ ၂၂၇၈ သို့လည်းကောင်း၊ စစ်တုရင်ပြိုင်ပွဲများအတွက် ဖုန်း ၀၉ ၄၂၈ ၂၁၈ ၇၄၂ သို့လည်းကောင်း၊ ကြက်တောင်ပြိုင်ပွဲများအတွက် ဖုန်း ၀၉ ၅၂၄ ၀၂၇၀၊ ၀၉ ၄၁၀ ၀၆၅ ၁၂၊ ၀၉ ၅၂၄ ၀၉၆၂ သို့လည်းကောင်း၊ ကျောင်းအခြေပြုအားကစားပြိုင်ပွဲများဖြစ်သည့် မီနီမာရသွန်၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ (၁၆)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများအတွက် ၀၉ ၄၅၀ ၈၀၀ ၄၁၁ သို့လည်းကောင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

~~~~~~~~⊰❂ Unicode Version ~~~~~~~~
1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net