မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အတွင်း ၂၀၁၉ခုနှစ် သြဂုတ်လ ပထမပတ်အတွင်းက စတင်ဖြစ်ပွားသည့် ရေကြီး မြေပြိုမှုများကြောင့် သဘာဝဘေးသင့်ခဲ့သည့် ပြည်သူများအား ထောက်ပံ့နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း နှင့် တာချီလိတ်မှ စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ရှမ်ပြည်နယ်(အရှေ့ပိုင်း) အရပ်ဘက်လူမှုရေးအဖွဲ့စည်းများကွန်ရက်(CSO)က သွားရောက် ထောက်ပံ့လှူဒါန်းမည်ဖြစ်၍ ၂၀၁၉ခုနှစ် သြဂုတ်လ(၂၀)ရက်နေ့ နောက်ဆုံးထားကာ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
"အသင်းတွေအားလုံးကိုတော့ (၂၀)ရက်နေ့ နောက်ဆုံးလို့ ပြောထားပါတယ်၊၊ မိုင်းဆတ်တို့၊ ကျိုင်းတုံတို့ မိုင်းပျဉ်းတို့ သူတို့တွေ အားလုံးပါဝင်မှာဆိုတော့ အလှူခံဖို့ တစ်ပတ်ချိန်ပေးထားတာ၊ (၂၀)ကျော်မှပဲ သွားဖြစ်မှာပါ၊ (၁၀)ရက်နေ့ ကစပြီး (၂၀)ရက်နေ့အထိ အလှူခံသွားမှာပါ၊"ဟု ရှမ်ပြည်နယ်(အရှေ့ပိုင်း) အရပ်ဘက်လူမှုရေးအဖွဲ့စည်းများကွန်ရက်(CSO) အတွင်းရေးမှူး ဒေါ်သန်းသန်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ဝယ်အရောက် သွားရောက် ထောက်ပံ့လှူဒါန်းမည့် ခရီးစဉ်တွင် စုပေါင်းပါဝင်လှူဒါန်းကြမည့် လူမှုရေးအသင်းအဖွဲ့များအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ ကျိုင်းတုံတို့မှ ပါဝင်ကြမည့်အပြင် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ နှင့် မယ်ဆိုင်မြို့တို့မှလည်း ပါဝင်ကြမည်ဖြစ်ကြောင်းသိရသည်။
တာချီလိတ်တွင် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ ပါလျှံ(၁)သာသနာ့ဝေပုလ္လအလိုတော်ပြည့် ဘုန်းကြီးကျောင်း နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကုန်တိုက် ဆိုင်ခန်းတန်းရှိ ကောင်းဆက်လင်း (ဗီဒီယို/ဓါတ်ပုံ)ဆိုင်တို့တွင်လည်း လာရောက်လှူဒါန်းနိုင်သည့်အပြင် ဖုန်းဖြင့် ဆက်သွယ်လိုသူများအနေဖြင့် ဒေါ်သန်းသန်းဌေး( 095242232 )၊ ဦးသိန်းထွန်း ( 095240590 ) ၊ မအိသန္တာအောင် ( 09428218987 ) နှင့် ကိုခိုင် ( 09250839940 )တို့၏ ဖုန်းများသို့လည်း ဆက်သွယ်စုံစမ်းကာ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။