စောလှမင်း- Tachileik News Agency
တာချီလိတ်၊ ဇွန်လ(၂၅)ရက်
ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများအရေး ကူညီနေသည့်အဖွဲ့များအနေဖြင့် မြန်မာလုပ်သားများအပေါ် ခေါင်းပုံဖြတ်မှုများ လုပ်ဆောင်ပါက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံသို့ သုံးရက်တာခရီးရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား မြန်မာအလုပ်သမားများ အရေး ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းများက မြန်မာသံရုံးတွင် ဇွန်လ(၂၅)ရက်နေ့ နေ့လယ် (၂)နာရီတွင် တွေ့ဆုံစဉ်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်မ အလုပ်သမားတွေနဲ့ တွေ့တဲ့အခါတုန်းက မေးတယ်။ ဒီအဖွဲ့အစည်းတွေက ဘယ်လောက်ကူညီလဲ ဆိုတော့ (၅၀)ရာခိုင်နှုန်းတဲ့။ ဒါမလုံလောက်ဘူး။ ဒီထက်ကူညီနိုင်အောင်ကြိုးစားပါ။ တစ်ချို့တွေက ပြောတယ် အလုပ်သမားအရေးကူညီနေတဲ့ အဖွဲ့အစည်းတွေကိုက မြန်မာအချင်းချင်း ခေါင်းပုံဖြတ်တာတွေရှိတယ်လို့ ကူညီပေးခ ယူတာလေးတွေရှိတယ်လို့ တိုင်တယ်။ ဒါမျိုးမလုပ်ပါနဲ့ လုပ်တယ်ဆိုရင်လည်း ကိုယ့်အချင်းချင်းထိန်းပါ။ ကျွန်မတို့သိရင် ကျွန်မတို့ နိုင်ငံရဲ့ဥပဒေအရ အရေးယူမှာပါ"ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း မြန်မာသံရုံးအလုပ်သမားများ ကူညီစောင့်ရှောက်ရေးကော်မတီ"AAC"မှ ကိုရဲမင်းထံမှ သိရသည်။
ဒုက္ခရောက်နေသူအား ခေါင်းပုံဖြတ်ခြင်းမှာ လုပ်သင့်လုပ်ထိုက်သည့် အလုပ်မဟုတ်သည့်အပြင် ဥပဒေအရ ခွင့်ပြုထားခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံသို့ (၃)ရက်ကြာခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ မြန်မာသံရုံးအနေဖြင့် ထိထိရောက်ရောက် အကူအညီပေးနိုင်ရန် စီစဉ်ညွှန်ကြားထားကြောင်း သိရသည်။
မြန်မာသံရုံးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများအကြား ချိတ်ဆက်နိုင်ရေးအတွက် လက်ရှိ မြန်မာလုပ်သားကူညီစောင့်ရှောက်နေသည့်အဖွဲ့များအနေဖြင့်လည်း ပူးပေါင်းကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ကြောင်း သိရသည်။