စည်းကမ်းမလိုက်နာသည့် ဝန်ကြီး၏ယာဉ်မောင်းအား အရေးယူပေးရန် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးက ယာဉ်ထိန်းတပ်ဖွဲ့ကို ညွှန်ကြား

စည်းကမ်းမလိုက်နာသည့် ဝန်ကြီး၏ယာဉ်မောင်းအား အရေးယူပေးရန် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးက ယာဉ်ထိန်းတပ်ဖွဲ့ကို ညွှန်ကြား
ဇူလိုင် 22, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၏ မော်တော်ယာဉ်မောင်းဖြစ်သူသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု မရှိကြောင်း  ပြည်သူများအကြား ဝေဖန်သံများ ထွက်ပေါ်လာသဖြင့် အရေးယူပေးရန် တောင်ကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့အား  ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးမှ ညွှန်ကြားထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဆွေသိန်း၏ မော်တော်ယာဉ်မောင်းဖြစ်သူ ကိုကျော်မျိုးသူက ဇူလိုင်လ(၂၂)ရက်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တံဆိပ်ကပ်ထားသည့် ယာဉ်ကို တောင်ကြီးမြို့မဈေးရှေ့ မျဉ်း ဖြူ/နီကြားပလက်ဖောင်းဘေး၊ ယာဉ်မရပ်ရနေရာတွင် ရပ်တန့်၍ သွားတိုက်ဆေး သွားရောက်ဝယ်ယူခြင်းဖြစ်ပြီး ဝန်ကြီး၏ ယာဉ်မောင်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖေါက်သည်ဟု ပြည်သူများ၏ ဝေဖန်မှုများထွက်ပေါ်လာသဖြင့် စုံစမ်းပြီး အရေးယူရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ဖုန်းဆက်ပြီးမေးတာ သေချာသွားတာနဲ့ သက်ဆိုင်ရာကို အရေးယူပေးပါလို့ ဆိုပြီး ညွှန်ကြားလိုက်ပါတယ်။ အခုအရေးယူဆောင်ရွက်နေပါပြီ။ ရှမ်းပြည်နယ်လူထုကြီးကို အသိပေးရှင်းပြလိုက်တာပါ"ဟု ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိုးညွှန့်လွင်က လူမှုကွန်ယက်စာမျက်နှာမှ ၎င်း၏စာမျက်နှာတွင် ရေးသားဖေါ်ပြထားသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းလိုက်နာရေးအတွက် တောင်ကြီးမြို့အား Pilot Township area အဖြစ် ဇူလိုင်လအတွင်း စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net