ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၀က်သားစားသုံးမှုများလျောကျလာသဖြင့် ၀က်သားသတ်လိုင်စင်ထုတ်ပေးရေးအတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ (၁၂) ရက်နေ့တွင် လုပ်ငန်းရှင်များနှင့်ခေါ်ယူတွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး လက်ရှိထုတ်လုပ်နိုင်သည့်အရေအတွက်ပေါ်တွင် အခွန်နှုန်းထားများကောကမ်ခံရေး လုပ်ငန်းရှင်များကိုခေါ်ယူညှိနှိုင်းခဲ့ကြောင်း သိရသည်။
"ဈေးကွက်ထဲမှာ ပစ္စည်းမပြတ်ဖို့ပေါ့။ သားသတ်လိုင်စင်တွေ ယူတဲ့သူမရှိရင် ဈေးကွက်ထဲမှာ ၀က်သားမရှိပဲဖြစ်သွားမယ်။ လက်ရှိ (၆) လလောက်ကို သူတို့အဆိုပြုတဲ့အကောင်ရေနဲ့ လုပ်ဖို့ပေါ့။ အခွန်ရရှိဖို့အဓိကမဟုတ်ဘူး။ ဈေးကွက်ထဲဝက်သားပျောက်မသွားဖို့ပေါ့"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း ၀က်သားသတ်လိုင်စင်လုပ်ငန်း (၁၀) ခုရှိပြီး လုပ်ငန်းရှင် (၃၃) ဦးလုပ်ကိုင်နေရာတွင် လက်ရှိလုပ်ငန်းလိုင်စင်ရယူလိုသူ (၃၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပြုကောင်ရေမှာ ယမန်နှစ်က လစဉ် (၁၇၂၃) ကောင်ရှိခဲ့သော်လည်း ယခုနှစ်တွင် လစဉ် (၂၃၆) ကောင်သာရှိခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့စည်ပင်သာယာရေးကော်မတီအနေဖြင့် သားသတ်လုပ်ငန်းများမှ တစ်နှစ်စာအခွန်ငွေ ကျပ်သိန်း (၆၀၀၀) ခန့်ရှိနေရာမှ လက်ရှိဘဏ္ဍာရေးနှစ်တွင် ၀က်သားစားသုံးမှုများကျဆင်းလာခဲ့သဖြင့် အခွန်ငွေ ကျပ်သိန်း (၅၀၀၀) နီးပါးလျော့ကျလာနိုင်သဖြင့် လက်ရှိအဆိုပြုလွှာများအရ သားသတ်လုပ်ငန်းများမှ (၇၅၆) သိန်းခန့်သာရရှိနိနုင်သည့်အနေအထားရှိတေကြောင၈်း သိရသည်။