RCSS နှင့် TNLA တို့ တစ်ကျော့ပြန်တိုက်ပွဲကြောင့် စစ်ဘေးရှောင်စခန်းဖွင့်ရန် အခြေအနေစောင့်ကြည့်နေ

RCSS နှင့် TNLA တို့ တစ်ကျော့ပြန်တိုက်ပွဲကြောင့် စစ်ဘေးရှောင်စခန်းဖွင့်ရန် အခြေအနေစောင့်ကြည့်နေ
ဇွန် 9, 2016
By Tachileik News Agency

လားရှိုး၊ ဇွန်လ(၅)ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဖြတ်ကျေးရွာအနီးတွင် RCSS နှင့် TNLA တို့ တစ်ကျော့ပြန် တိုက်ပွဲဖြစ်နေသဖြင့် ပန်ဖြတ်ကျေးရွာမှ ဒေသခံများမှာ ကျောက်မဲမြို့ရှိ နီးစပ်ရာ နေအိမ်များတွင် ခိုလှုံနေရသဖြင့် စစ်ဘေးရှောင်စခန်းဖွင့်လှစ်ရန် တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။

"ပန်ဖြတ်ကျေးရွာမှာ (၃)ရက်နေ့ကတည်းက ကျေးရွာမှာရှိတဲ့ ရွာသားတွေက ပန်သပြေဆိုတဲ့ ကပ်ရက်ရွာကို ပြောင်းလာကြတယ်။ (၃)ရက်နေ့က အဲဒီနှစ်ဖွဲ့က ချိန်နေတာဆိုတော့ ရွာသူ၊ ရွာသားတွေက သတင်းပို့လာတယ်။ သတင်းရ ရချင်းပဲ ကျွန်တော်တို့က ရွာသူကြီးနဲ့ ဆရာတော်နဲ့ သူတို့ဆီကိုသွားပြီး ရွာထဲမှာ မနေဖို့ ရွာပြင်ကို ထွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ရတာပေါ့။ အဲဒီနေ့ကတည်းက ပန်သပြေကို ပြေးကြတာ။”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဖြတ်ကျေးရွာအနီးတွင် ဇွန်လ (၄) ရက် ညနေလေးနာရီခွဲခန့်တွင် RCSS နှင့် TNLA တို့အကြား တိုက်ပွဲများ ပြန်ဖြစ်နေကြောင်း သိရသည်။

“မနေ့ကပြန်သွားပြီး အခြေအနေစောင့်ကြည့်နေတုန်း ညနေပိုင်းကျတော့ တိုက်ပွဲစဖြစ်တယ်။ ဆိုင်ကယ်ရှိတဲ့ သူကတော့ ကျောက်မဲအထိ ပြောင်းလာပြီး အသိအိမ်တွေနဲ့ ဆွေမျိုးတော်စပ်သူအိမ်တွေမှာ နေထိုင်ကြတယ်။ မနေ့က ကျောက်မဲက ကားတစ်စီး၊ သူတို့တောင်ပေါ်က ကားတစ်စီးနှစ်စီးနဲ့ ရှောင်လို့ရမယ့် တစ်မိုင်လောက်ဝေးတဲ့ ပန်ကွမ်း၊ လွယ်ကော်တို့ကို သွားကြတယ်။ တိုက်ပွဲတွေက ဆက်ပြီးပြင်းထန်လာမယ်ဆိုရင်တော့ Camp ဖွင့်ပေးသွားဖို့ရှိပါတယ်။”ဟု ဦးစိုင်းထွန်းဥာဏ်က ပြောသည်။
ပန်ဖြတ်ကျေးရွာအနီး စခန်းချထားသည့် RCSS နှင့် TNLA တို့ တိုက်ပွဲစတင်ဖြစ်ပွားနေသော်လည်း ပြင်းထန်ခြင်းမရှိသေးသဖြင့် စစ်ဘေးရှောင်စခန်း တည်ဆောက်ရန် အခြေအနေစောင့်ကြည့်နေခြင်းဖြစ်ကြောင်း သိရသည်။
“ ဒုက္ခသည်စခန်းလာနေရင် အလုပ်အကိုင်လုပ်လို့မရတော့လို့ သူတို့ကလည်း မနေချင်ကြဘူး။ မဖြစ်မနေလူတွေများလာပြီဆိုကာမှ နေကြတာပေါ့။ Camp ဖွင့်ခဲ့မယ်ဆိုရင်လည်း ခါတိုင်းအတွေ့အကြုံအရ ဘုန်းကြီးကျောင်းမှာပဲ စခန်းချပေးသွားမှာပါ။ ဆရာတော်ဆီလျှောက်ပြီး လိုအပ်တဲ့စားနပ်ရက္ခာတွေကို ယခင်ကအလှုရှင်တွေရဲ့ အလှုငွေရှိနေသေးတော့ အဲဒီအလှုငွေတွေနဲ့ပဲ ပြန်ပံ့ပိုးရမှာပါ။ ရွာသူရွာသားတွေကလည်းပံ့ပိုးပါတယ်။"ဟု ဦးစိုင်းထွန်းဥာဏ်က ပြောသည်။
အလားတူ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမော်ကျေးရွာအုပ်စုတွင်လည်း ဇွန်လ (၄) ရက် နေ့လည် (၁၁)နာရီခန့်တွင် RCSS နှင့် TNLA တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net