လူတွေရဲ့ စိတ်မှာ (၈၀)ရာခိုင်နှုန်းကတော့ သနားကျင်နာမှုတွေနဲ့ အခြေခံပြီး နေ့စဉ်နေ့တိုင်း သွားလာလှုပ်ရှားနေကြတယ်ဆိုတာကို ငြင်းပယ်လို့ရနိုင်မယ်မဟုတ်ပါဘူး။ မယုံရင် မိတ်ဆွေရဲ့ စိတ်ကို ပြန်စမ်းစစ်ကြည့်ပါ အနည်းနဲ့အများတော့ သနားကျင်နာမှုစိတ်လေးတွေကို တွေ့မြင်ရမှာပါ။
အဲ့လိုပါပဲ လူတွေရဲ့ သနားကျင်နာမှုကို အခြေခံပြီးတော့ တောင်းရမ်းစားသောက်သူဆိုတဲ့ လူတန်းစားတစ်ရပ်လည်း နေရာဒေသအသီးသီးမှာ နေထိုင်ကြတဲ့နည်းတူ မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့မှာလည်း ၂၀၁၉ခုနှစ် စက်တင်ဘာလအထိ များပြားလာတာကို လမ်းဆုံ မီးပွိုင့်တွေနဲ့ ညပိုင်း အကင်ဆိုင်တွေ၊ မိုးလင်းပေါက်ဆိုင်တွေမှာ ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။
အများအားဖြင့်က လူရွယ် လူငယ်လေးတွေများပြီး သက်ကြီးတွေလည်း ပါပေမဲ့ ကလေးသူငယ်တွေကို အသုံးချပြီး ငွေကြေးတောင်းခံတဲ့ ဖြစ်ရပ်တွေက နေရာ ညပါ တွေ့မြင်နေရသမို့ အဲ့ဒီလူငယ်တွေရဲ့ အနာဂတ်ဆိုတာ ဘယ်ဆီဘယ်မှာရောက်နေမလဲဆိုတာကို မြင်တွေ့သူတိုင်းက စဉ်းစားမိကြပါလိမ့်မယ်။
တစ်နေ့သား ကျွန်တော်ဟာ တာချီလိတ်မြို့ ချစ်ကြည်ရေး အမှတ်(၂)တံတားထိပ်က အကင်ဆိုင်တစ်ဆိုင်မှာ ထိုင်နေစဉ် အသက်(၆)နှစ်ကျော်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်ရောက်လာတာကို တွေ့ရပါတယ်။
သူဟာ အကင်ဆိုင်က အကင်တွေကို ကိုင်သလို လုပ်နေတာမို့ ကျွန်တော့်အထင်တော့ သူဟာ အကင်စားချင်လို့ ကိုင်တာဖြစ်မယ်ထင်ပြီး အကင်တစ်ချောင်းပေးလိုက်ပေမဲ့၊ အဲ့ဒီကောင်လေးဟာ ချက်ခြင်းပဲ မယူကြောင်း ငြင်းဆိုလိုက်ပါတယ်။
"အကင်မယူဘူး ပိုက်ဆံပဲ ယူမယ်"ဆိုပြီး သူ့ရဲ့ အသံကို ကြားလိုက်ချိန်ဟာ ကျွန်တော့်အတွက် အံ့အားသင့်စေခဲ့ပါတယ်။
အကင်ပေးတာကို မယူဘဲ ပိုက်ဆံပဲ ယူမယ်လို့ ပြောတာဟာ အကြောင်းတော့ရှိရမယ်၊ နောက်ကွယ်က စေခိုင်းချက်တွေရှိရမယ်လို့ သတင်းသမားပီပီ တွေးထင်မိတာကြောင့် အဲ့ဒီကောင်လေးကို ခေါ်ပြီးမေးလိုက်ပါတော့တယ်။
"အကင်းပေးတာ ဘာလို့ မယူတာလဲ"
"အမေက ဘာမှမယူခိုင်းဘူး၊ ပိုက်ဆံပဲ တောင်းခိုင်းတယ်"လို့ မရဲတရဲ ပြန်ဖြေလာပါတယ်။
အဲ့တော့ ထပ်မေးလိုက်တာက "ပိုက်ဆံမယူဘဲ စားစရာပဲ ယူရင် အမေက ရိုက်လို့လား"လို့ ထပ်မေးလိုက်တော့ ကောင်လေးက "အင်"ဆိုပြီး ဖြေလာတယ်။
ဒါဆိုရင် ဘယ်လောက်ပေးရမလဲလို့ မေးလိုက်တော့ "(၁၀)ဘတ်"တဲ့။
လူတွေရဲ့ သနားကျင်နာမှုက ကလေးသူငယ်တွေအပေါ် အခြေခံမှန်းကို သူတို့ရဲ့ မိဘတွေက သိထားကြတဲ့အတွက် သူတို့ကိုယ်တိုင် ထက် သူတို့ရဲ့ သားသမီးတွေကို အသုံးချပြီး အခုလို သွန်သင်ပြီးတော့ ငွေတောင်းခိုင်းတာဖြစ်မယ်လို့ ကျွန်တော် သုံးသပ်မိပါတယ်။
အခု ဒီကလေးဆိုရင်တော့ သူ့မိဘဖြစ်သူ "နင် သွားတောင်းရင် ငွေက လွဲရင်ကျန်တာမယူလာခဲ့နဲ့ စားစရာပေးလာရင်လည်း ပိုက်ဆံပဲ ယူမယ်လို့ ပြော"ဆိုပြီးများ ကြိမ်းမောင်းသွန်သင်လိုက်လေသလား ဆိုပြီး တွေးစရာဖြစ်လာပါတယ်။
မည်သို့ဖြစ်စေ အခုလိုမျိုးတွေ နယ်စပ်ဒေသ တာချီလိတ်မြို့မှာ အတော်များနေပါတယ်။
ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး တလောက တာချီလိတ်မှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အစည်းအဝေးတွေ ပြုလုပ်ပြီး ဆွေးနွေးခဲ့ကြသလို ကလေးတွေရဲ့ နောက်ကွယ်ကနေ တောင်းခိုင်းသူတွေကို ဖော်ထုတ်ပြီးတော့ အရေးယူမယ်ဆိုတာတွေ၊ တောင်းရမ်းစားသောက်သူ ကလေးသူငယ်တွေ ပပျောက်ရေးဆိုတာတွေ ဆောင်ရွယ်မယ်ဆိုပြီး မီဒီယာတွေကို ပြောကြားထားတာတွေလည်း ရှိပေမဲ့ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့အထိ တာချီလိတ်မြို့ရဲ့ မီးပွိုင့်တွေ လမ်းဆုံတွေနဲ့ ညပိုင်း စားသောက်ဆိုင်တွေမှာ ကလေးတွေဟာ ယခင်အတိုင်း လိုက်လံ တောင်းရမ်းနေကြတာကို တွေ့နေရဆဲဖြစ်ပါတယ်။
ကလေးသူငယ်အခွင့်အရေးကာကွယ်ရေးဥပဒေမှာတော့ ကလေးငယ်များအား တောင်းရမ်းရန် စေခိုင်းသူ၊ တားမြစ်ရန် ပျက်ကွက်သူများအား အနည်းဆုံး ထောင်ဒဏ် (၆)လမှ (၃)နှစ်အထိလည်းကောင်း၊ ငွေဒဏ် ကျပ် (၆)သိန်းမှ (၁၂)သိန်းအထိ လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးကိုလည်းကောင်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။။