ကယားပြည်နယ်အတွင်း မြို့နယ် ၃ ခုတွင် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး အကောင်အထည်ဖော်နေ
ကယားပြည်နယ်အတွင်း ဘိန်းစိုက်ဧရိယာလျော့နည်းရေးအတွက် မြို့နယ်သုံးခုတွင် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး အကောင်အထည်ဖော်နေပြီး ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး ပံ့ပိုးမှုများကိုလည်း ပေးအပ်နေကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
“ဘိန်းစိုက်ပျိုးသည့်ဒေသများအတွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေရရှိရေးများများကို အစိုးရအနေနဲ့လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြည်သူများအနေနဲ့ ဘိန်းမစိုက်တော့ဘူးဆိုတဲ့ ခံယူချက်ရှိရန် လိုအပ်ပါတယ်။ အခမ်းအနားတွေနဲ့ အပြသဘောမျိုး ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ထိထိရောက်ရောက် ထောက်ပံ့ဆောင်ရွက်ပေးနိုင်ရန် လျာထားသွားမှာ ဖြစ်ပါတယ်။ ဒေသနဲ့ကိုက်ညီပြီး ဈေးနှုန်းကောင်းသည့် သီးနှံမျိုး ဖြစ်ရန်၊ ရေရှည်တွင် အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်တို့အတွက်လည်း ဌာနတွေအနေနဲ့ စီမံ ဆောက်ရွက်ပေးရမှာဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် အစိုးရ၊ ပြည်သူ၊ ဌာနများ ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ပေးသွားကြဖို့ တိုက်တွန်းပါတယ်”ဟု ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဒီးမော့ဆိုမြို့နယ်မှ ဘိန်းအစားထိုးသီးနှံစိုက်တောင်သူများအား စိုက်ပျိုးရေးပစ္စည်းများ ပံ့ပိုးသည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။
ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးအတွက် ထောက်ပံ့ပေးရာတွင် ဒီးမော့ဆိုမြို့နယ်မှ တောင်သူ (၆၅)ဦး၊ ဖရူဆိုမြို့နယ်မှ တောင်သူ(၂၅)ဦးတို့အား မျိုးစေ့နှင့် မြေသြဇာများထောက်ပံ့ပေးထားပြီး ဘိန်းအစားထိုးသီးနှံစိုက်ပျိုးသည့် တောင်သူများအား လိုအပ်သည့် ပံ့ပိုးမှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်းလုပ်ငန်းအဖွဲ့ငယ် ဆပ်ကော်မတီ(၉)ဖွဲ့ဖြင့် လုပ်ငန်းဆောင်ရွက်နေပြီး ပြည်နယ် မြို့နယ် (၇)ခုအနက် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်နေကြောင်း သိရသည်။
သတင်း #အင်မိုင်ခ
