မုန်တိုင်းမိုးရရှိပါက မကွေးမြို့နယ်အတွင်းမှ ကျေးရွာအချို့ရှိ နှမ်းစိုက်ခင်းများအတွက် မျှော်လင့်ချက်မရှိတော့သော်လည်း မြေပဲအတွက်မူ အခြေအနေကောင်းလာနိုင်ဟု ဆို

မုန်တိုင်းမိုးရရှိပါက မကွေးမြို့နယ်အတွင်းမှ ကျေးရွာအချို့ရှိ နှမ်းစိုက်ခင်းများအတွက် မျှော်လင့်ချက်မရှိတော့သော်လည်း မြေပဲအတွက်မူ အခြေအနေကောင်းလာနိုင်ဟု ဆို
သြဂုတ် 8, 2019
By Tachileik News Agency

မိုးရွာသွန်းမှု နောက်ကျခဲ့ပြီး မိုးရေ အရနည်းခဲ့သည့် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့မှ နှမ်းနှင့် မြေပဲ စိုက်ခင်းများ ပျက်စီး ဆုံးရှုံးမှုနှင့် ကြုံတွေ့ရတော့မည့် အခြေအနေတွင် ရှိနေခဲ့ရာမှ မုန်တိုင်းမိုးရရှိလာမည့်အခြေအနေကြောင့် မြေပဲ အတွက် မျှော်လင့်ချက်ရှိနေသေးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ခုအချိန် မိုးရမယ်ဆိုရင်တော့  နှမ်းအတွက် ထူးမှာ မဟုတ်တော့ပေမယ့် မြေပဲစိုက်ခင်းတွေအတွက်က မျှော် လင့်ချက်ရှိသေးတယ်ဗျ။ အပင်တွေ ရက် (၂၀)သားလောက်ကတည်းက မိုးမရခဲ့တာ ခုချိန်ထိပါပဲ။ စိုက်ပျိုး ရေးသွင်းအားစုတွေထည့်ပြီးမှ ပျက်စီးမယ်ဆိုရင် နှမ်းတစ်ဧကကို (၂)သိန်းကျော်၊ မြေပဲတစ်ဧက ဆို(၂)သိန်း ကျော်ကနေ (၃)သိန်းအထိ ဆုံးရှူံးကြရမှာပါ”ဟု ထုံးပေါက်တော(မြောက်)ရွာမှ တောင်သူ ကိုမောင်ညို က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုနှစ်တွင် သီးနှံများ မစိုက်ပျိုးခင်က မိုးရခဲ့သော်လည်း စိုက်ပျိုးပြီးချိန်တွင် မိုးအရနည်းခဲ့သဖြင့် စိုက်ခင်း ကိုဖျက်၍ နောင်သီးနှံပြန်ကြဲခဲ့ကြရပြီး အပင်ဖြစ်ချိန်တွင်လည်း  မိုးခေါင်မှုနှင့်ကြုံတွေ့ရပြန်ခြင်းဖြစ်ကြောင်း မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဒီလောက်မဆိုးဘူးဗျ။ ဇူလိုင်လကုန်အထိဆိုရင် မိုးရေချိန်က လက္မ၂၀ လောက် အထိရပြီးပြီ။ ဒီနှစ်မှာတော့ နှစ်စကနေ ဒီအချိန်ထိ မိုးရေချိန်က ၁၀ လက္မလောက်ပဲရသေးတယ်။ အဲ လောက်လေးပဲရသေးတဲ့အထဲ ဇူလိုင်လမှာ မိုးက မရွာသလောက်ဖြစ်သွားလို့ အပင်တွေရေငတ်တဲ့ဒဏ်ကို ခံနေကြရတာ”ဟု မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
တောင်သူအချို့ စိုက်ခင်းများ ပျက်စီးရတော့မည့်အခြေအနေနှင့် ကြုံတွေ့နေရရုံသာမက  နွားစာအတွက်ပါ အခက်အခဲနှင့်ကြုံတွေ့နေရ၍ အခြားကျေးရွာများအထိ သွားရိတ်နေကြရကြောင်း သိရသည်။

“မကွေး-နတ်မောက်လမ်း မြောက်ဖက်ခြမ်းမှာရှိတဲ့ ရွာတွေအားလုံးနီးပါး မိုးမရကြဘူး။ ကန်တွေမှာက  နွား သောက်ဖို့ရေတောင်မရှိကြတော့ဘူး။ ဒါ့ကြောင့်  ကန်ဆယ်၊ ကန်သန့်ရှင်းရေးတွေ လုပ်၊ လွန်တွေဆွဲကြနဲ့ ဒါနဲ့လည်း မိုးကမရွာတော့ ဆရာတော်ကြီးရဲ့ သြဝါဒကိုနာယူပြီး သံဃာ ငါးပါးနဲ့ မိုးပရိတ်၊ မိုးကမ္မဝါများ အလှည့်ကျရွတ်ဖတ်ခဲ့ကြတာ ဒီနေ့အထိပါပဲ”ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ယခုအခါ မုန်တိုင်းကြောင့် မိုးရလာနိုင်မည့် အခြေအနေတွင်ရှိနေ၍ နှမ်းစိုက်တောင်သူများအတွက် မျှော် လင့်ချက်မရှိတော့သော်လည်း မြေပဲစိုက်တောင်သူများအတွက်မူ  အခြေအနေကောင်းတစ်ရပ်ဖြစ်လာ နိုင် သည်ဟု သိရသည်။
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~~⊰❂ Unicode Version ~~~~~~~~
1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net