မကွေးတိုင်းဒေသကြီးအတွင်းမှ ပြည်သူများအား လွှတ်တော်အကြောင်းစာအုပ်

မကွေးတိုင်းဒေသကြီးအတွင်းမှ ပြည်သူများအား လွှတ်တော်အကြောင်းစာအုပ်
နိုဝင်ဘာ 28, 2017
By Tachileik News Agency

မကွေးတိုင်းဒေသကြီးအတွင်းမှ ပြည်သူများအား လွှတ်တော်အကြောင်းစာအုပ် အခမဲ့ဖြန့်ဝေ
ဒေသဆိုင်ရာလွှတ်တော်များအား အားပေးကူညီရေးအဖွဲ့ (MCERP)က မကွေးတိုင်းဒေသကြီးလွှတ်တော်အကြောင်း ပြည်သူများသိရှိစေရေးအတွက် လွှတ်တော်အကြောင်းစာအုပ်များကို သတင်းမီဒီယာများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းအဖွဲ့များမှတစ်ဆင့် နိုဝင်ဘာလ (၂၇)ရက်နေ့မှစ၍ အခမဲ့ဖြန့်ဝေပေးထားကြောင်း သိရသည်။
“ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ရုံးအဖွဲ့တွေပါ ပူးပေါင်းချိတ်ဆက်ပြီး စုစည်း ပြုစုထားတာဖြစ်လို့ ဒီစာအုပ်မှာပါရှိတဲ့အချက်အလက်တွေဟာ မှန်ကန်မှုရှိပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ လွှတ်တော်ရဲ့ ဖွဲ့စည်းမှု၊ ဆောင်ရွက်မှုတွေကို သိရှိနိုင်မှာ ဖြစ်တဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အလွယ်တကူဆက်သွယ်နိုင်မှာဖြစ်လို့ အလွန်အသုံးတည့်မယ့် စာအုပ်တစ်အုပ်ပါ”ဟု မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါအဖွဲ့သည် ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်များအား ဆန်းစစ်သည့် အစီရင်ခံစာများ၊ သုတေသနတွေ့ရှိချက်များအား စာအုပ်ပြုစုဖြန့်ဝေခြင်းကို ဆောင်ရွက်နေခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးမှ မဲဆန္ဒရှင်ပြည်သူများသို့ စာအုပ်ရေ(၉၅၀) ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါစာအုပ်တွင် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဖွဲ့စည်းပုံနှင့် ရေးရာကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်း၊ လူမှုစီးပွားအခြေအနေနှင့် ဆက်သွယ်ရန် အချက်အလက်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်စာရင်း၊ တိုင်းအစိုးရအဖွဲ့အမည်စာရင်း၊ တိုင်းဒေသကြီး ဥပဒေပြုစာရင်း၊ ကောက်ခံရမည့်အခွန်အခများ၊၂၀၁၆ခုနှစ်အထိ ပြဌာန်းခဲ့သည့်တိုင်းဒေသကြီး ဥပဒေများစာရင်းတို့ပါဝင်ကြောင်း သိရပြီး စာအုပ်ရယူလိုသူများအနေဖြင့် MCERP ဖုန်း ၀၉ ၅၀၀၈၅၇၃ သို့လည်းကောင်း pa.lin@mcerp.org သို့လည်းကောင်း ဆက်သွယ်ရယူနိုင်ကြောင်း သိရသည်။
သတင်း #ဖီးနစ်

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~